တာချီလိတ်မြို့မှ CDM လုပ်ဆောင်ထားသည့် ဆရာဝန်နှင့် သူနာပြု အပါအဝင် (၃၀၀)နီးပါးကို ၅၀၅-က ဖြင့် အမှုဖွင့်ထား

တာချီလိတ်မြို့မှ CDM လုပ်ဆောင်ထားသည့် ဆရာဝန်နှင့် သူနာပြု အပါအဝင် (၃၀၀)နီးပါးကို ၅၀၅-က ဖြင့် အမှုဖွင့်ထား
ဧပြီ 15, 2021 | ရှမ်းရှေ့

 စစ်အာဏာရှင်ကို အာဏာဖီဆန်ပြီး ပြည်သူ့ဘက်ကရပ်တည်ကာ CDM လုပ်ဆောင်နေသည့် တာချီလိတ်ခရိုင်/မြို့နယ် ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဆေးရုံအုပ်ကြီး အပါအဝင် ဆရာဝန်များ နှင့် သူနာပြုများကို ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလ(၁၄)ရက်နေ့ ညနေပိုင်းက အမှုဖွင့်လိုက်ကြောင်း သိရသည်။

CDM လုပ်ဆောင်ထားသည့် တာချီလိတ်မြို့နယ်အတွင်းမှ ကျန်းမာရေးဝန်ထမ်းမှာ (၃၀၀)နီးပါးရှိသည့်အတွက် ၂၀၂၁ခုနှစ် ဧပြီလ(၁၄)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့မရဲစခန်းတွင် CDM လုပ်ဆောင်ထားသည့် ဆရာဝန်နှင့်သူနာပြုများ အားလုံးကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားလိုက်ခြင်းဖြစ်သည်။

CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်းများကို တစ်ဦးချင်းစီအလိုက် အမည်များဖြင့် အမှုဖွင့်ခြင်းမဟုတ်ဘဲ CDM လုပ်ဆောင်သည့် ဒေါက်တာခင်ကျော် နှင့် ဆရာဝန်နှင့်သူနာပြုများ အားလုံးဟု ရည်ညွှန်းကာ အမှုဖွင့်ပြီး နောက်တစ်နေ့ဖြစ်သည့် ဧပြီလ(၁၅)ရက်နေ့ နံနက်(၈)နာရီကျော်တွင် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ပြည်သူ့ဆေးရုံဝန်းထဲရှိ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာခင်ကျော်၏ နေအိမ်အား သွားရောက် ရှာဖွေကြောင်း သိရသည်။

 

ဆေးရုံအုပ်ကြီးမှာ CDM စတင်လုပ်ဆောင်ကတည်းက နေအိမ်တွင်မနေတော့ဘဲ ရှောင်နေသည့်အတွက် ရဲတပ်ဖွဲ့မှ လာရောက်ရှာဖွေစဉ် တံခါးများပိတ်ထားပြီး မတွေ့ရသည့်အတွက် နေအိမ်ကို မှတ်တမ်းပုံများရိုက်၍ ပြန်သွားကြောင်း သိရသည်။

တာချီလိတ်တွင် CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအများစုမှာ ဝန်ထမ်းအိမ်ရာများနှင့် ယခင်နေထားသည့် နေအိမ်များတွင် မရှိတော့ပဲ တိမ်းရှောင်ထားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း (၃၀၀)ကျော်ရှိနေရာတွင် တစ်ဦးချင်းစီအလိုက် နေရပ်လိပ်စာများကိုလည်း စာရင်းရယူထားကြောင်း သိရသည်။

"CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စာရင်းတွေ၊ အဲ့စာရင်းတွေထဲမှာ အချက်အလက် အကုန်ပါတာပေါ။ ဝန်ထမ်းအိမ်ရာမှာနေတဲ့သူဆို ဝန်ထမ်းအိမ်ရာလိပ်စာ။ ကိုယ်ပိုင်အိမ်မှာနေတယ်ဆို ကိုယ်ပိုင်အိမ်လိပ်စာ အဲ့ဒါတွေလည်း ပါတယ်။ အဲ့စာရင်းတွေက ထွေအုပ် နဲ့ တပ်မှာရှိနေနိုင်တာကြောင့် CDM ဝန်ထမ်းများအနေနဲ့ သတိထားသင့်တာပေါ့၊ ကျွန်မတော့ စာရင်းပေးကတည်းက လိပ်စာအမှား ပေးထားလိုက်တယ်"ဟု CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေပြီး အပြင်ဆေးခန်းတွင် ဆေးကုပေးနေခြင်းများ ရှိမရှိကိုပါ အသွင်ယူ၍ ထောက်လှမ်းစုံစမ်းနေမှုများ ရှိနေကြောင်း နှင့် မှတ်တမ်းများရရှိနေကြောင်းလည်း သိရသည်။

 

မြန်မာနိုင်ငံအတွင်း စစ်တပ်မှ အာဏာသိမ်းလိုက်သည့်အချိန် တာချီလိတ်မြို့တွင် ပထမဆုံး CDM လုပ်ဆောင်သည်မှာ ကျန်းမာရေးဝန်ထမ်းများဖြစ်သည်။