တာချီလိတ်မြို့ရှိ ရပ်ကွက်အများအလိုက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လမ်းနှင့်ရေမြောင်း(၁၈)ခုကို ဦးစားပေးဆောင်ရွက်သွားမည်

တာချီလိတ်မြို့ရှိ ရပ်ကွက်အများအလိုက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လမ်းနှင့်ရေမြောင်း(၁၈)ခုကို ဦးစားပေးဆောင်ရွက်သွားမည်
ဇန်နဝါရီ 5, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ ရပ်ကွက်အများအလိုက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လမ်းနှင့်ရေမြောင်း(၁၈)ခုကို ဦးစားပေးဆောင်ရွက်သွားမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရပ်ကွက်များအလိုက် ဦးစားပေး ဆောင်ရွက်ပေးရမည့် စည်ပင်သာယာရေးလုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ စာရင်းများ တောင်းထားပြီး စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးအတည်ပြု လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ရပ်ကွက်တွေထဲမှာ လုပ်ချင်တဲ့ လုပ်ငန်းစာရင်းတွေ တောင်းထားတယ်။ ဌာနကနေ ကွင်းဆင်းပြီး စစ်နေတယ်။ ဘယ်လုပ်ငန်းတွေက အများပြည်သူအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေလဲဆိုတာ။ ဘတ်ဂျက်အနေအထားအရ ဘယ်ဟာတွေကို ဦးစားပေးလုပ်ရမလဲဆိုတာ အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စည်ပင်သာယာရေးဌာနက ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်ကျပ်သိန်း (၁၀၀) အောက် လုပ်ငန်းများကို ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျပ်သိန်း (၁၀၀) အထက်လုပ်ငန်း (၂၈) ခုကို Lot (၁၄) ဖြင့် တင်ဒါခေါ်ယူလုပ်ကိုင်ပေးနေခြင်း ဖြစ်သည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများဖြစ်သည့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ကျောင်းလမ်းကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် (၁၂) လမ်း ရေမြောင်းကျောက်ရိုးစီခြင်း၊ ဆန်ဆိုင်း(ခ) ရပ်ကွက်အတွင်းရှိ ဟံသာဝတီလမ်းနှင့် ဒေဝူးလမ်းတို့ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ပါဆတ်ရပ်ကွက် အတွင်းရှိ လွန်းကျိုင်းလမ်း (အပိုင်း-၂) ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လွန်းကျိုင်း-ရန်အောင်မြေ အဆက်လမ်းနှင့် လွန်းကျိုင်း (၂) လမ်း၊ လမ်းသွယ် (၁) လမ်း ကတ္တရာခင်းဖြင်း၊ ခိုတောင်းရွာအဝင်လမ်း ရေမြောင်းပြုလုပ်ခြင်းနှင့် Culvert ပြုလုပ်ခြင်း စသည့် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် ဆေခမ်းရပ်ကွက်အတွင်းရှိ ဝမ်ဟောင်ဈေးလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ တာလော့ရပ်ကွက် အတွင်းရှိ ချယ်ရီလမ်း ကွန်ကရစ်ခင်းခြင်း၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ တောင်ဇလပ်လမ်း ကတ္တရာခင်းခြင်း၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အနော်ရထာလမ်း ရေမြောင်းပြုလုပ်ခြင်း၊ မကာဟိုခမ်းရပ်ကွက်အတွင်း ယာမြေကုန်းမြေကာနံရံပြုလုပ်ခြင်း၊ နတ်စင်အနီး ရေမြောင်းပြုလုပ်ခြင်းနှင့် ရေတံခါးပြုလုပ်ခြင်း၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ဘုရားကြီးကျောင်း Culvert ပြုလုပ်ခြင်းနှင့် ပါလျှံမီးပွင့်အနီး ဗိုလ်ချုပ်လမ်း လမ်းဖြတ်ရေမြောင်းပြုလုပ်ခြင်း စုစုပေါင်း လုပ်ငန်း (၁၈) ခုကို ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~