လားရှိုးမြို့နယ်အတွင်း ညီနောင်မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် နောင်မွန်နယ်မြေရဲစခန်းမှ သေဆုံးသူ စခန်းမှူး အပါအဝင် (၁၄)ဦးကို ယနေ့ မီးရှို့သဂြိုလ်

လားရှိုးမြို့နယ်အတွင်း ညီနောင်မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် နောင်မွန်နယ်မြေရဲစခန်းမှ သေဆုံးသူ စခန်းမှူး အပါအဝင် (၁၄)ဦးကို ယနေ့ မီးရှို့သဂြိုလ်
ဧပြီ 11, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့စခန်းဖြစ်သည့် နောင်မွန်နယ်မြေရဲစခန်းကို ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်သည့်အတွက် စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် (၁၄)ဦး သေဆုံးသွားရာ ယနေ့ ဧပြီလ(၁၁)ရက်နေ့တွင် မီးရှို့သဂြိုလ်သည်။

 



ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ တအာင်း(TNLA)နှင့် ကိုးကန့်(MNDAA) တပ်ဖွဲ့များမှ အင်အား (၃၀၀)ဝန်းကျင်ဖြင့် နောင်မွန်နယ်မြေရဲစခန်းကို ၂၀၂၁ခုနှစ် ဧပြီလ(၁၀)ရက်နေ့ နံနက်(၅)နာရီ ဝန်းကျင်အချိန်က ဝန်းရံပိတ်ဆို့ပြီး ပစ်ခတ်မှုများဖြစ်ပွားရာ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့(၁၄)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။ 

ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သေဆုံးသွားသည့်အပြင် လက်နက်ခဲယမ်းများလည်း ပါသွားကြောင်း နှင့် ရဲစခန်းတိုက်ခိုက်ခံရသည့်အတွက် စစ်တပ်ကလည်း အနောက်ကနေ ကုန်းကြောင်း၊ လေကြောင်းဖြင့်ပါ လိုက်၍ ရှာဖွေပိတ်ဆို့မှုများ လုပ်ဆောင်နေကြောင်း သိရသည်။



အာဏာသိမ်းအကြမ်းဖက်ကောင်စီ၏ စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော နိုင်ငံသူ၊ နိုင်ငံသားများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေခြင်းများ ချက်ချင်းရပ်တန့်ပြီး မိဘပြည်သူများတောင်းဆိုနေသည့် နိုင်ငံရေး ပြဿနာဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်တပ်အနေဖြင့် မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ဘဝတူညီနောင်များနှင့်အတူ မိမိကိုမိမိ ခုခံကာကွယ်ရေးအတွက် ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က မတ်လ(၃၀)ရက်နေ့က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။