တာချီလိတ်မြို့တွင် PSI စလောင်းများ ဖြုတ်သိမ်းရေးကြီးကြပ်အဖွဲ့ ဖွဲ့စည်းပြီး ရပ်ကွက်များအထိ သွားရောက်ကာ ဖြုတ်သိမ်းခိုင်း

တာချီလိတ်မြို့တွင် PSI စလောင်းများ ဖြုတ်သိမ်းရေးကြီးကြပ်အဖွဲ့ ဖွဲ့စည်းပြီး ရပ်ကွက်များအထိ သွားရောက်ကာ ဖြုတ်သိမ်းခိုင်း
ဧပြီ 10, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် PSI စလောင်းများကို ဖြုတ်သိမ်းရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ယနေ့ ဧပြီလ(၁၀)ရက်နေ့က စ၍ လိုက်လံအသိပေး ဖြုတ်သိမ်းခိုင်းမှုများကို စတင်ရာ အနည်းဆုံး စလောင်း(၁၀)လုံးအထက် ဖြုတ်သိမ်းခိုင်းထားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထွေအုပ်၊ စည်ပင်၊ ပြန်ဆက်၊ ဆက်သွယ်ရေး နှင့် ရဲတပ်ဖွဲ့ အပြင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် PSI စလောင်းများ ဖြုတ်သိမ်းရေးကြီးကြပ်အဖွဲ့ကို ဧပြီလ(၁၀)ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းပြီး လိုက်လံစစ်ဆေးနေကြခြင်း ဖြစ်သည်။

PSI စလောင်းများ ဖြုတ်သိမ်းရေးကြီးကြပ်အဖွဲ့ အနေဖြင့် စလောင်းရောင်းချသည့် ဆိုင်များအပြင် ရပ်ကွက်/ကျေးများအထိ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး နေအိမ်များတွင် PSI စလောင်းများ တပ်ဆင်ထားပါက တခါတည်းဖြုတ်သိမ်းခိုင်းရမည်ဖြစ်ကြောင်းသိရသည်။

ယနေ့ ဧပြီလ(၁၀)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်တစ်ခုတည်းတွင် PSI စလောင်း (၁၀)လုံးကို ဖြုတ်သိမ်းခိုင်းထားပြီးဖြစ်ပြီး အခြားရပ်ကွက်များတွင်လည်း ဖြုတ်ခိုင်းထားကြောင်း သိရသည်။



မြန်မာနိုင်ငံအတွင်း၌ ပြည်သူများ သတင်းအချက်အလက် စီးဆင်းမှု၊ ပွင့်လင်းမြင်သာမှု မရှိစေရန် အင်တာနက်လိုင်းများကို အချိန်ပိုင်း အကန့်သတ်များဖြင့် အသုံးပြုခွင့်သာ ပေးထားပြီး၊ ယခုအခါမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ လက်နက်များ ပြည်သူများအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်နေမှုနှင့် အခြေအနေများကို MIZZIMA နှင့် DVB ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပေးနေရာတွင် PSI စလောင်းများမှ တဆင့် ကြည့်ရှုနိုင်နေသည့်အတွက် လိုက်လံသိမ်းဆဲနေကြခြင်း ဖြစ်ပြီး၊ ပြည်သူများမှ ဝယ်ယူထားသည့် စလောင်းများကို အကြောင်းမဲ့ သိမ်းဆည်းခြင်း မခံရရန်အတွက် ထိုင်းနိုင်ငံ PSI Corporation ကုမ္ပဏီ  ရုပ်သံလိုင်း (၂)ခုကို ဖြုတ်ချပေးထားကြောင်း သိရသည်။