တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေး၏ အကျိုးတော်ဆောင်အဖွဲ့ကို အသစ်ပြန်ဖွဲ့မည်

တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေး၏ အကျိုးတော်ဆောင်အဖွဲ့ကို အသစ်ပြန်ဖွဲ့မည်
နိုဝင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေး၏ အကျိုးတော်ဆောင်အဖွဲ့ကို အသစ်ပြန်ဖွဲ့မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မဈေး၏ အကျိုးတော်ဆောင်အဖွဲ့မှာ (၅)နှစ်သက်တမ်း ကျော်လာပြီဖြစ်၍ အသစ်ပြန်လည်ဖွဲ့စည်းရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့က ဈေးရုံး၌ ကျင်းပသည့်အစည်းအဝေးတွင် ဆုံးဖြတ်သည်။
“ ကျွန်တော်တို့ အကျိုးတော်ဆောင်အဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းဖို့ ဒီနေ့ တင်ပြတောင်းဆိုလိုက်တာက ၂၀၁၅ ကတည်းကစပြီး (၁၂)ဦးနဲ့ ဖွဲ့စည်းခဲ့တာမှာ အခုဆိုရင် အဖွဲ့ဝင်တွေထဲက သေဆုံးသွားတဲ့သူလည်းရှိတယ်။ နောက်ဒါကို ဖွဲ့စည်းလာတာကလည်း (၅)နှစ်ကာလထဲရောက်နေပြီဆိုတော့ ဒီထက်မက ဈေးသည်တွေ၊ ဆိုင်ခန်းပိုင်ရှင်တွေ ဆန္ဒအရ တကယ့် လုပ်နိုင်တဲ့၊ လုပ်ဆောင်ချက်တွေရှိတဲ့သူတွေနဲ့ ဆက်ပြီးလုပ်နိုင်ဖို့ဆိုပြီး အသစ်ပြန်လည်ဖွဲ့စည်းဖို့ တင်ပြခြင်းဖြစ်ပါတယ်။ အဲဒီအတွက် တက်တက်ကြွကြွနဲ့ ကိုယ့်ထက်ပိုပြီး လုပ်နိုင်တဲ့သူတွေ လာကြပါ။ ဒီဈေးကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးသူဈေးသားတွေ၊ ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ လာကြပါ။ ဖိတ်ခေါ်ပါတယ်”ဟု မြို့မဈေး (ဝမ်ကောင်းဈေး) အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးဇော်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိ ဈေးအကျိုးတော်ဆောင်အဖွဲ့ကို ၂၀၁၅ ခုနှစ်က အဖွဲ့ဝင် (၁၂)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဈေးအတွင်း ဆိုင်ခန်းများမှ မီတာခများ ကောက်ခံပေးခြင်း၊ ဈေးသူဈေးသားများ၏ တောင်းဆိုချက်များအား သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုပေးရခြင်းများ လုပ်ဆောင်ပေးရခြင်းဖြစ်ရာ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရန် အဖွဲ့အား ပြန်လည်ဖွဲ့စည်းပေးရန် စည်ပင်သာယာရေးဌာနသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဈေးရဲ့သဘောသဘာဝအရတော့ ဈေးရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အထွေထွေကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ဈေးအကျိုးတော်ဆောင်အဖွဲ့ဆိုတာ ဖွဲ့ရတယ်။ အဲဒီမှာ ၂၀၁၅ မှာ အဖွဲ့ဝင် (၁၂)ဦးနဲ့ ဈေးအကျိုးတော်ဆောင်အဖွဲ့ဆိုတာ ဖွဲ့ထားတာရှိတယ်။ စည်းကမ်းထိန်းသိမ်းတဲ့အပိုင်းမှာ စည်ပင်သာယာရေးဌာနအပိုင်း၊ ဈေးကောက်တို့၊ ဆိုင်ကယ်ရပ်နားခတို့၊ ဈေးသန့်စင်ခန်းလုပ်ငန်းတို့ကိုကျတော့ တည်ဆောက်ခဲ့တဲ့ကုမ္ပဏီကို စာချုပ်ပါစည်းကမ်းအရ လုပ်ကိုင်ခွင့်ပေးရတာရှိတယ်။ ဝမ်ကောင်းမြို့မဈေးကြီးမှာ စည်ပင်သာယာကနေ တာဝန်ယူတဲ့အပိုင်း၊ ကုမ္ပဏီကနေ တာဝန်ယူတဲ့အပိုင်း၊ ဈေးရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အထွေထွေလုပ်ငန်းလေးတွေကို ပေါင်းစပ်ဆောင်ရွက်ပေးနေတဲ့ ဈေးအကျိုးတော်ဆောင်အပိုင်းဆိုပြီးရှိတယ်။ အဲဒီလိုရှိရာမှာ ဈေးအကျိုးတော်ဆောင်အဖွဲ့က ၂၀၁၅ ကတည်းက ဖွဲ့စည်းခဲ့တာမှာ အခုဆို ဆုံးသွားတဲ့လူလည်းရှိ ၊ အခြေအနေအရ တာဝန်ထမ်းဆောင်မှု မလုပ်နိုင်တော့တဲ့သူတွေလည်းရှိ၊ အားနည်းချက်လေးတွေလည်း ရှိလာတဲ့အတွက် ဈေးကိုကျွန်တော်တို့ ကောင်းကောင်းမွန်မွန်နဲ့ စည်းကမ်းတွေ ပြန်ပြီးထိန်းသိမ်းနိုင်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်နိုင်ဖို့ ဈေးအကျိုးတော်ဆောင်အဖွဲ့က တင်ပြလာတဲ့အတွက် စည်ပင်သာယာရေးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့နဲ့ လိုင်စင်စီ ကုမ္ပဏီတို့ ဒီနေ့အစည်းအဝေးလုပ်ကြတာပါ။ ဈေးအကျိုးတော်ဆောင်အဖွဲ့ကို ပြန်ပြီးဖွဲ့စည်းမယ်လို့ ဒီနေ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့မဈေး၏ အကျိုးတော်ဆောင်အဖွဲ့ပြန်လည်ဖွဲ့စည်းခြင်းအပါအဝင် ဈေးသူဈေးသားများ၏ အခက်အခဲများကို ဈေးအကျိုးတော်ဆောင်အဖွဲ့က တင်ပြမှုအပေါ် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့အပြင် မြို့မဈေးတွင် ဈေးကောက်၊ ဆိုင်ကယ်ရပ်နားခနှင့်  ဈေးသန့်စင်ခန်းလုပ်ငန်းတို့ကို လုပ်ကိုင်ခွင့်လိုင်စင်ရထားသည့်  မင်းခေတ်သစ်ကုမ္ပဏီတို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
အစည်းအဝေးဆုံးဖြတ်ချက်အရ လက်ရှိ ဈေးအကျိုးတော်ဆောင်အဖွဲ့က စာရင်းလွှဲပြောင်းခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်းလုပ်ငန်းများ အဆင်သင့်ဖြစ်သည်နှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် အစည်းအဝေးတစ်ရပ်ပြန်လည်ကျင်းပပြီး အသစ်ပြန်လည်ဖွဲ့စည်းရေး ပြင်ဆင်မည်ဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~