လားရှိုးမြို့တွင် ယာဉ်/လမ်း စည်းကမ်း အသိပညာပေးပြီး ကားနှင့်ဆိုင်ကယ် အစီးရေ (၁၇၀)ကျော် အရေးယူ

လားရှိုးမြို့တွင် ယာဉ်/လမ်း စည်းကမ်း အသိပညာပေးပြီး ကားနှင့်ဆိုင်ကယ် အစီးရေ (၁၇၀)ကျော် အရေးယူ
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
လားရှိုးမြို့တွင် ယာဉ်/လမ်း စည်းကမ်း အသိပညာပေးပြီး ကားနှင့်ဆိုင်ကယ် အစီးရေ (၁၇၀)ကျော် အရေးယူ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယာဥ်/လမ်း စည်းကမ်း အသိပညာပေးနှင့် အရေးယူမှု (၃)ကြိမ်ပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ (၁၁)ရက်နေ့ထိ မော်တော်ယာဥ်နှင့် ဆိုင်ကယ်စုစုပေါင်း (၁၇၉)စီးကို အရေးယူခဲ့သည်ဟု သိရသည်။
"ဒီနေ့ပြုလုပ်တာကတော့ တတိယ အကြိမ်မြောက်ပါ၊ အဓိက ကတော့ ယာဥ်/လမ်း စည်းကမ်း အသိပညာပေးရင်းအရေးယူတာပါ၊ ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် ၂၀၂၀ ခုနှစ် မော်တော်ယာဥ်ဥပဒေအရတရားရုံးကို ပေးဆောင်ရမယ့် ဒဏ်ငွေကို မော်တော်ကား ဆိုရင် ကျပ်(၃၀,၀၀၀)ထက်မပိုအောင်၊ မော်တော် ဆိုင်ကယ်ဆိုရင် အဲ့ထက်တတ်နိုင်သလောက် လျှော့ပေါ့ ပေးနိုင်အောင်လဲ ပြီးခဲ့တဲ့ အစည်းအဝေးမှာ အကြံပေးထားပါတယ်"ဟု အမှတ်( ၂၀)ယာဥ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံး( ရှမ်း/မြောက်)မှ ရဲမှူးမျိုးမင်းအောင်က တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။
ဒီဇင်ဘာ(၁၁)ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့ရှိ မြို့တော်ခန်းမအနီး အဝိုင်းပတ်အနီးတွင် မြို့နယ်ယာဥ်လိုင်း ကြီးကြပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့စုံပါဝင်သည့် အဖွဲ့က ယာဥ်/လမ်း ကြီးကြပ်စစ်ဆေးခဲ့ရာ မော်တော်ကား (၁၆)စီး၊ ဆိုင်ကယ် (၆၄)စီးတို့ကို ပညာပေးကာ အရေးယူခဲ့ခြင်း ဖြစ်သည်။
လားရှိုးမြို့တွင် ယခုကဲ့သို့ ယာဥ်/လမ်း စည်းကမ်း အသိပညာပေး ပြုလုပ်ခဲ့ရာ ပထမအကြိမ်က ကား (၁၃)စီး နှင့် ဆိုင်ကယ် (၂၆)စီး၊ ဒုတိယ အကြိမ်တွင် ကား (၁၈)စီးနှင့် ဆိုင်ကယ် (၄၂)စီး၊ ဒီဇင်ဘာ (၁၁)ရက် နေ့တွင် ဆောင်ရွက်သည့် တတိယအကြိမ်၌  ကား (၁၆)စီး နှင့် ဆိုင်ကယ် (၆၄)စီး တို့ကို ပညာပေး အရေးယူခဲ့ခြင်း ဖြစ်သည်။
အဓိကအနေဖြင့် မော်တော်ယာဥ် မောင်းနှင်သူများအား ယာဥ်မောင်း လိုင်စင်ကိုင်ဆောင်ထားမှု ရှိမရှိ၊ မော်တော် ဆိုင်ကယ် မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ် သေချာစွာ ဆောင်းထားခြင်း ရှိမရှိကို အဓိက စစ်ဆေးပြီး (၂)ဦးထက် မပိုဘဲ စီးစေခြင်း၊ ၂၀၂၀ မော်တော်ယာဥ်ဥပဒေအရ ဆိုင်ကယ်ရှေ့ အနိမ့်မီး ဖွင့်စေခြင်း၊ နောက်ကြည့်မှန်၊ ယာဥ်နံပါတ်ပြား တပ်ဆင်စေခြင်း စသည်တို့ကို အသိပညာပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ယာဉ်ထိန်းရဲတပ်ဖွဲ့
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~