ကျောက်မဲမြို့နယ် မိုင်းငေါ့တွင် ထင်းခုတ်သွားသည့် အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိ

ကျောက်မဲမြို့နယ် မိုင်းငေါ့တွင် ထင်းခုတ်သွားသည့် အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိ
ဒီဇင်ဘာ 6, 2019
By Tachileik News Agency
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ အထက်ခိုငင်းကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ထင်းခုတ်သွားသည့် အမျိုးသားနှစ်ဦး မိုင်းနင်းမိ၍ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
" အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရတယ်။ သူပြောပြချက်အရ ထင်းခုတ်၊ ဝါးခုတ်ဖို့အတွက် ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ လက်ဖက်ခြံတွေဖက်အသွားမှာ ကြိုးစတစ်ခုကိုတိုက်မိပြီး မိုင်းကွဲတယ်လို့သိရတယ်" ဟု မိုင်းထိလူနာအား သွားရောက်သယ်ဆောင်ခဲ့သည့် ဇီဝိတလူမှုကူညီရေးအသင်း( ကျောက်မဲ ) မှ ကိုစောမင်းကြူ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းငေါ့မြို့နှင့် နှစ်မိုင်ခန့်ဝေးသည့် အထက်ခိုငင်းကျေးရွာမှ ကျန်းဆွေနှင့် ရွှေထွန်းတို့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့၊ နေ့လယ် (၁၂) နာရီဝန်းကျင်က ရွာအနီးရှိ လက်ဖက်ခြံများဘက်သို့ ထင်းခုတ်၊ ဝါးခုတ်ရန် သွားရောက်စဉ် ကြိုးစတစ်ခုကို တိုက်မိခဲ့ရာမှ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထိမှန်သွားသူနှစ်ဦးကို အိုတမောဝ်လူမှုကူညီရေးအသင်းနှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့က သွားရောက်သယ်ဆောင်ကာ ဆေးရုံသို့ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
အထက်ခိုငင်းကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း TNLA ၊ RCSS နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ မိုင်းငေ့ါမြို့နယ်၊ ကွင်းစလန်းကျေးရွာနှင့် မန်ကန်ကျေးရွာများအနီး၌ မိုင်းထိဒဏ်ရာရရှိခဲ့သူ တစ်ဦးစီရှိခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - စောမင်းကြူ


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~