တန့်ယန်းမြို့တွင် ၂၀၂၁ သင်္ကြန်ပွဲကို ဖျော်ဖြေပွဲများဖြင့်ပါ ကျင်းပမည်ဖြစ်ကြောင်း အာဏာသိမ်းကောင်စီအဖွဲ့၏ မြို့နယ်အဆင့်က အသိပေးထား

တန့်ယန်းမြို့တွင် ၂၀၂၁ သင်္ကြန်ပွဲကို ဖျော်ဖြေပွဲများဖြင့်ပါ ကျင်းပမည်ဖြစ်ကြောင်း အာဏာသိမ်းကောင်စီအဖွဲ့၏ မြို့နယ်အဆင့်က အသိပေးထား
ဧပြီ 5, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် ပြီးခဲ့‌သောနှစ်က Covid-19 အခြေအနေကြောင့် ပြုလုပ်ကျင်းပခြင်းမရှိခဲ့သည့် သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် စတိတ်ရှိုးဖျော်‌ဖြေပွဲများထည့်သွင်းပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ မြို့နယ်အဆင့်အဖွဲက စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း အသိပေး ကြေညာ ထားသည်။

"နိုင်ငံအတွင်းမှာ သူတို့သတ်ဖြတ်လို့ လူတွေဒီလောက်သေ‌ကြေနေရတဲ့အချိန်မှာ ကိုယ့်မြို့မှာ ဒီလိုပျော်ပွဲရွှင်ပွဲတွေလုပ်မှာကို မလိုလားပါဘူး"ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်္ကြန်ပွဲတော်အား တန့်ယန်းမြို့၏ အောင်မင်္ဂလာရင်ပြင်တွင် (၄)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရင်ပြင်အဝင်ပေါက်ဆိုင်းဘုတ်အောက်တွင် ယနေ့ ဧပြီလ(၅)ရက်က ဗီနိုင်းဖြင့်ချိတ်ဆွဲ‌ကာ အသိပေး ကြော်ငြာထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌ မြို့တော်တော်များများတွင် ၂၀၂၁ သင်္ကြန်ပွဲတော်အား နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့ကြောင့်် ကျဆုံးခဲ့ရသည်ကို ငဲ့ကွက်ပြီး မကျင်းပရန် စစ်အာဏာရှင်ဆန့်ကျင်သည့် လူငယ်များက မေတ္တာရပ်ခံကာ တောင်းဆိုထားကြသည်။