နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက သက်ဆိုင်ရာအဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်

နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက သက်ဆိုင်ရာအဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်
မေ 28, 2021 | ရှမ်းရှေ့

နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက သက်ဆိုင်ရာအဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်

လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးအတွက် ပြည်တွင်းပြည်ပ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ဆုံးဖြတ်ကြသည်ဟု သိရသည်။

PPST က လာမည့်အစည်းအဝေးတွင် ဖက်ဒရယ်အခြေခံမူကိုလည်း အတည်ပြုချက်ရယူမည်ဟု သိရသည်။

တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၁၆/၂၀၂၁) ကို ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ Video Conferencing ဖြင့် ကျင်းပခဲ့ပြီးနောက် PPST ယာယီအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နိဂုံးချုပ်မိန့်ခွန်း ပြောကြားရာတွင် ယင်းအချက်ကို ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းပါသည်ဟု PPST ယာယီအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က မေလ (၂၇) ရက်နေ့က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်ကြသည်။



စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် နိုင်ငံတစ်ဝန်းမှ ပြည်သူလူထုအား လက်နက်ကိုင်တပ်ဖြင့် အကြမ်းဖက်နှိမ်နှင်းဖြိုခွဲမှုများအပြင် ကရင်နှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။