ကမ္ဘောဇတိုင်းသတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ နှင့် သတင်းထောက်တစ်ဦး အပါအဝင် စုစုပေါင်း (၄)ဦးကို အာဏာသိမ်းအုပ်စုက ဖမ်းဆီး

ကမ္ဘောဇတိုင်းသတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ နှင့် သတင်းထောက်တစ်ဦး အပါအဝင် စုစုပေါင်း (၄)ဦးကို အာဏာသိမ်းအုပ်စုက ဖမ်းဆီး
မတ် 25, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် အခြေစိုက်သည့် ကမ္ဘောဇတိုင်းသတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ နှင့် သတင်းထောက် အပါအဝင် (၄)ဦးကို အာဏာသိမ်း  စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတို့က ယနေ့ မတ်လ(၂၅)ရက်နေ့ အကူးပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကမ္ဘောဇတိုင်းသတင်းဌာန၏ ဟိုပုံးမြို့ရှိ ရုံးခွဲတွင် သတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့်  နေအိမ်အစောင့်ဖြစ်သူ စိုင်းစည်သူတို့ကို ဖမ်းဆီးခေါ်သွားခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ် မတ်လဒုတိယအပတ်တွင်းကလည်း  ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ၏ နေအိမ်ကိုလည်း စစ်တပ်နှင့်ရဲတို့က ဝင်ရောက်ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။



ကမ္ဘောဇတိုင်းသတင်းဌာနသည် လက်ရှိအချိန်ထိ တရားဝင်သတင်းမီဒီယာတစ်ခုဖြစ်ပြီး  လက်ရှိအခြေအနေအရ သတင်းသမား အားလုံးကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ကတည်းကပင် အလုပ်မှ နှုတ်ထွက်ခွင့်ပြုပြီး ဖြစ်ကြောင်းလည်း သိရသည်။

တောင်ကြီးအခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းသမားများအား ဖမ်းဆီးလိုက်ခြင်းအပြင် ရှမ်းပြည်နယ်အတွင်းမှ သတင်းဌာနအချို့မှ သတင်းသမားများကိုလည်း အမှုဖွင့်ခံထားရခြင်းဖြစ်သည်။ 

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း၌ ဖမ်းဆီးခံရသည့် သတင်းသမားစုစုပေါင်း (၄၈)ဦးနှင့် သတင်းဌာနနှင့် ဆက်စပ်သူ (၂) ဦးရှိပြီဖြစ်ပြီး ယင်းအပြင် သတင်းဌာန (၅) ခုထုတ်ဝေခွင့် ပိတ်သိမ်းခံထားရပြီး သတင်းဌာန(၁)ခုလည်း တရားစွဲဆိုခံထားရသည်။