ဆီဆိုင်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွား

ဆီဆိုင်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွား
ဇန်နဝါရီ 24, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့ ညနေပိုင်းတွင် PNLAနှင့် စစ်ကောင်စီပူးပေါင်း PNAတပ်များ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ညနေပိုင်းတွင် ဆီဆိုင်တောင်ပိုင်း ပုံလောင်းဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲပြီးနောက် ဆီဆိုင်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရသည်။

"အခုစပစ်နေကြပြီ မြို့ထဲမှ။ အသံကြားပေမယ့် နေရာအသိကျမသိသေးဘူး။ ရွာတွေထဲမှာ ပြည်သူ့စစ်(PNA)တပ်တွေ လာစောင့်နေတယ်။ စစ်ကောင်စီတပ်တွေလည်း စစ်ကူလာနေတယ်။ ပြည်သူ့စစ်တွေက ရွာသားတွေကို ဘုန်းကြီးကျောင်းမှာစုခိုင်းနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် (၄၂၅)၊ (၄၂၆)၊ တပ်မ(၅၅)တို့ စစ်ကူများ ဆီဆိုင်အခြေစိုက် ခမရ(၄၂၄)တပ်ရင်းတွင် ရောက်ရှိနေသည်ဟု ဒေသခံများကပြောဆိုသော်လည်း Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

ဆီဆိုင်မြို့ခံများမျာ တိုက်ပွဲဖြစ်မည်ဆိုးရိမ်သဖြင့် ယနေ့တွင်ပင် ထွက်ပြေးတိမ်းရှောင်နေရာ မြို့လုံးကျွတ် တိတ်ဆိတ်နေပြီး နေ့လယ်ပိုင်းကပင် စစ်ကောင်စီတပ်က လေယာဉ်‌များ ပျံသန်းနေကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လက်နက်သယ်သည့်ကိစ္စဖြင့် ပိတ်မိနေသည့် PNLAတပ်သားများ ဌာနေပြန်မရောက်မခြင်း PNLAတပ်များ ပြန်ဆုတ်ခွာမည်မဟုလည်း Tachileik News Agency၏ သတင်းအရင်းမြစ်က ပြောဆိုထားသည်။

ပြိးခဲ့သည့်ရက်ပိုင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ၎င်းတို့သင်တန်းဆင်း ရဲဘော်များအတွက် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို စစ်ကောင်စီတပ်ကတောင်းရာ PNLAက မပေးသဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ PNLA ရဲဘော်တစ်ဦး ယနေ့အထိ ပျောက်ဆုံးနေသည်။

ဟိုပုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ သွားရောက်ဆွေးနွေးခဲ့သည့် PNLOတောင်ကြီးဆက်ဆံရေးရုံးမှ အရာရှိ(၃)ဦးကိုလည်း စစ်ကောင်စီတပ်က ခြိမ်းခြောက် ညအိပ်ခိုင်းပြီးနောက် ယနေ့၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ပြန်လွှတ်‌ပေးခဲ့သည်။

PNLOသည် စစ်ကောင်စီနှင့် အပစ်ရပ်ရေးသဘောတူညီမှုစာချုပ် NCAကို လက်မှတ်ရေးထိုးထားသောအဖွဲ့ဖြစ်သည်။

#TachileikNewsAgency

Photo:CJ