ကျိုင်းတုံမြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းအချို့တွင် အဖွဲ့စုံဖြင့်  စစ်ဆေးမှုများ မတ်လ(၂၃)ရက်နေ့က စတင်

ကျိုင်းတုံမြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းအချို့တွင် အဖွဲ့စုံဖြင့်  စစ်ဆေးမှုများ မတ်လ(၂၃)ရက်နေ့က စတင်
မတ် 24, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် လာရောက်တည်းခိုသူများကို မှတ်ပုံတင်နှင့်လူ တိုက်ဆိုင် စစ်ဆေးမှုများကို မတ်လ(၂၃)ရက်နေ့က စပြီး လုပ်ဆောင်နေကြောင်း သိရသည်။

"မနေ့က စစစ်တယ်။ အခန်းရဲ့ ရေချိုးခန်း အိမ်သာအထိ ဝင်စစ်တယ်။ မှတ်ပုံတင်နဲ့ မျက်နှာနဲ့ သေချာလေးကို တိုက်ဆိုင်စစ်ဆေးတယ်။ သူတို့မှာ ပါလာတဲ့ စာရင်းနဲ့လည်း တိုက်ပြီး စစ်တာတွေလုပ်တယ်။ စစ်သားတွေရော ရဲတွေရော အယောက်(၂၀)လောက်ရှိတယ်"ဟု တာချီလိတ်မှ သွားရောက်တည်းခိုခဲ့သူ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၄)ရက်နေ့ ညပိုင်းတွင် ပြောပြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် တာချီလိတ် နှင့် အခြားမြို့များဘက်က လာရောက် တိမ်းရှောင်နေသည်များရှိပါက ဖမ်းဆီးနိုင်ရေးအတွက် လုပ်ဆောင်သည်ဟုလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း တာချီလိတ်မှ ကျိုင်းတုံသို့ သွားရောက်သူများကို မိုင်းဖြတ်မြို့တွင်  ရံဖန်ရံခါ၌ စစ်တပ်နှင့်ရဲက ကားပေါ်အထိက စစ်ဆေးမှုများ ရှိသလို အိမ်စီးကားများကိုလည်း လူနှင့်မှတ်ပုံတင် တိုက်ဆိုင်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။