ဒလန်

ဒလန်
By Aung Kham

 

"ဒလန်"ဆိုတာ တစ်စုံတစ်ဦး၏ အကျိုးအတွက် အခြားသူကိုလှည့်ဖြားဆောင်ရွက်ပေးသူ"လိုဆိုတယ်။ ဒီနေ့အချိန်မှာ ဒလန်တွေဟာ နာမည်ဆိုးနဲ့ ထပ်ပေါ်လာပြန်တယ်။ (၈၈၈၈)ကာလနဲ့ ကာလလွန်မှာ အဲဒီ ဒလန်တွေကြောင့် ဒုက္ခရောက်သွားခဲ့ရတဲ့အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရ၊ ဘဝပျက်ခဲ့ရတာများတယ်။



အကြမ်းဖက်သမားတွေမှာ  လက်သပ်မွေးထားတဲ့ ဒလန်တွေရှိသလို၊ အချို့ဒလန်တွေကလည်း သူ့အတွက် ဘာအကျိုးအမြတ်မှမရှိဘဲ သူတစ်ပါးအကျိုးပျက်စီးစေလိုတဲ့ မကောင်းစိတ်ကြောင့် အခမဲ့ဒလန်လုပ်တတ်ကြတယ်။

ဒလန်ဆိုတာဟာ နဖူးမှာစာရေးမထားတာကြောင့် ဘယ်သူဒလန်ဖြစ်နေလေမလဲဆိုတာ ဖော်ထုတ်ဖို့ခက်ခဲတတ်ပါတယ်။ ဒါကြောင့်ကိုယ်လုပ်မဲ့ အကြံအစည်ကို ထုတ်ဖော်မပြောတာပိုလုံခြုံတတ်ပါတယ်။

တစ်ခါတစ်ရံမှာ အများနဲ့ပူးပေါင်းလုပ်ရမဲ့ ဖြစ်မဲ့ကိစ္စရပ်များကို မိမိနဲ့အတွင်းသိအစင်းသိ ငယ်ပေါင်းကြီးဖော်တွေနဲ့ တိုးတိတ်တိုင်ပင်လုပ်ဆောင်သင့်ပါတယ်။ အချို့ကလည်း ဒလန်လို့ သံသယစိတ်နဲ့အမြင်ခံ၊အကြည့်ခံရပေမဲ့ ဒလန်မဟုတ်ဘဲ၊ မှင်သေသေနေတတ်တဲ့သူတွေကလည်း ဒလန်ဖြစ်တတ်ပြန်တယ်။



 ခုခေတ်မှာ ဒလန်ကိုဖော်ထုတ်ရတာ လွယ်ပေမဲ့ ဒလန်ရဲ့လုပ်ရပ်ကြောင့်မိမိတို့အကြံအစီတွေ ပျက်စီးရ၊ ဆုံးရှုံးရတာက အရင်ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ မိမိကိုယ်တိုင်က ဒလန်ဖြစ်နေတတ်ပြန်တယ်။ဒါက ဖုံးကွယ်သင့်တာကို မဖုံးကွယ်၊ ထုတ်ဖော်ကြွားဝါခြင်း မပြုသင့်သေးတာကို အတွေးအမျိုးမျိုးနဲ့ ဖော်ထုတ်ပြသနေမိတာကိုက ကိုယ်ဟာဒလန်ဖြစ်သွား တတ်ပြန်တယ်။



ခေတ်စနစ်အပြောင်းအလဲတိုင်းမှာ ဒလန်က ရှိနေမှာပါပဲ။ ကိုလိုနီခေတ်၊ ဂျပန်ခေတ်မှာတောင် ကိုယ့်လူမျိုး အကျိုးပျက်အောင် လုပ်ကြတဲ့ဒလန်တွေ ရှိခဲ့ကြတာမဟုတ်လား။ ဒါပေမဲ့ ဒလန်တွေရဲ့ လားရာကောင်းတယ်ဆိုတာ မရှိပါဘူး။ အသေဆိုးနဲ့အဆုံးသတ်ရတာများပါတယ်။ အချို့ဒလန်တွေမှာ သူတို့အကျိုးဆောင်ပေးတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းက နှုတ်ပိတ်သတ်ဖြတ်ခြင်းတောင်ခံရပြန်တယ်။ လူ့အဖွဲ့အစည်းရဲ့ဝိုင်းပယ်ခြင်း အပြစ်ဒဏ်ကိုတော့ခေါင်းမဖော်နိုင်အောင်ခံရမှာက အသေအချာပါပဲ။



 ဒါကြောင့်ဒလန်လည်း မလုပ်နဲ့၊ ဒလန်ရဲ့ဒုက္ခပေးခြင်းကို မခံရအောင် ဘာဘဲလုပ်လုပ် လုံခြုံအောင်လုပ်၊ တိတ်တဆိတ်လုပ်၊ ကိစ္စမပြီးခင်ထုတ်မကြွားမိဖို့ လိုပါတယ်။

  အဓိက ကိုယ့်ရည်မှန်းချက်အောင်မြင်ဖို့မဟုတ်လား။



"တော်လှန်ရေးကြီး မကြာမီမုချအောင်ရမည်။"

 

 အောင်ခမ်း