မိုးခေါင်ရေရှား၍ မိုးစပါးစိုက်ခင်းများ ထိခိုက်ခဲ့သည့် တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းတွင် ဆည်တည်ဆောက်ရေး မြေနေရာကွင်းဆင်း စစ်ဆေး

မိုးခေါင်ရေရှား၍ မိုးစပါးစိုက်ခင်းများ ထိခိုက်ခဲ့သည့် တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းတွင် ဆည်တည်ဆောက်ရေး မြေနေရာကွင်းဆင်း စစ်ဆေး
ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency
မိုးခေါင်ရေရှား၍ မိုးစပါးစိုက်ခင်းများ ထိခိုက်ခဲ့သည့် တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းတွင် ဆည်တည်ဆောက်ရေး မြေနေရာကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း  ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မိုးခေါင်ရေရှားခြင်းကြောင့် မိုးစပါးစိုက်ဧက ပျက်စီးရခြင်းများ ကြုံခဲ့ရသဖြင့် မိုင်းဖုန်း(က)ကျေးရွာအတွင်း ဆည်တည်ဆောက်နိုင်မည့်နေရာ ကွင်းဆင်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

ပါသောက်ရေလွှဲဆည်ဆောက်ဖို့ သွားကြည့်တာ။ ဒီနှစ်ဘတ်ဂျက်မှာ ပါတာပေါ့။ ဆည်ရေသောက် ဧက (၅၀၀) လောက်ရှိတယ်။ ပါခါရွာအပါအဝင် (၇) ရွာလောက်က စိုက်ဧကတွေကို ရေပေးဝေနိုင်မှာပေါ့။ ဝမ်ပုံ ရေလှောင်တမံကို ဒေသခံတွေက ပြန်ပြင်ပေးဖို့ တင်ပြလို့ သွားကြည့်တယ်။ ဘတ်ဂျက်ရာသီက ပြီးသွားတော့ နောက်နှစ်ဘတ်ဂျက်မှာ တင်ပြပေးသွားမှာပေါ့

ဟု တာချီလိတ်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ဦးစီးမှူး(မြို့ပြ) ဦးကျော်မင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆည်တည်ဆောက်နိုင်ရန်အတွက် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ပါခါကျေးရွာနှင့် ဝမ်ပုံကျေးရွာတို့တွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် မြေနေရာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့မိုးရာသီက ရေဒုက္ခရောက်ခဲ့တယ်။ တစ်ချို့ဆို ပျိုး (၂) ဆင့်ထောင်ခဲ့ရတယ်။ တစ်ချို့ဆို ပျိုးတွေ ပျက်သွားတယ်။ အောင်ရေမရခဲ့တာတွေလည်း ရှိတယ်။ ဒီမှာ မိုးကောင်းသောက်တွေ များတာကိုး။ မိုးမရွာခဲ့ရင် ဆည်အကြီးမဟုတ်တောင်မှ ဆည်အသေးလေးရှိရင် ရေလှောင်ထားနိုင်လို့ စိုက်ပျိုးရေရအောင် ကွင်းဆင်းကြည့်တာပေါ့

ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က ပြောသည်။

မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ပါသောက်ရေလွှဲဆည်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေ (၂၅၆) သိန်းဖြင့် တည်ဆောက်ရန်စီစဉ်နေပြီး မိုးစပါးရာသီအမီ အပြီးတည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - စိုက်ပျိုးရေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~