တာချီလိတ်မြို့တွင်း နေရာအနှံ့တွင် ဝန်ထမ်းများ CDM ပါဝင်ရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး အမှတ်သားပါဝင်သည့် ရုပ်ပုံစာသားများ လူငယ်များက လိုက်လံ ပုံဖော်ထား

တာချီလိတ်မြို့တွင်း နေရာအနှံ့တွင် ဝန်ထမ်းများ CDM ပါဝင်ရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး အမှတ်သားပါဝင်သည့် ရုပ်ပုံစာသားများ လူငယ်များက လိုက်လံ ပုံဖော်ထား
ဖေဖော်ဝါရီ 24, 2021 | နိုင်ငံရေး| ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေလျက်ရှိရာတွင် တာချီလိတ်နေ လူငယ်များက စုပေါင်းပြီး မြို့တွင်း လူအများ ထင်သာ မြင်သာရှိစေသည့် နေရာတော်တော်များများ၌ ဝန်ထမ်းများ CDM တွင် ပါဝင်ရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး အမှတ်သားပါဝင်သည့် ရုပ်ပုံစာသားများ လုပ်ဆောင်ထားသည်ကို ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ထပ်မံ တွေ့ရသည်။

တာချီလိတ်မြို့နေ လူငယ်များက မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှ စ၍ မယ်ခေါင်ရပ်ကွက်အထိ နေရာတော်တော်များများတွင် လုပ်ဆောင်ထားခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် စစ်အာဏာရှင်စနစ်ကို မလိုလား၍ တတ်နိုင်သည့် နည်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ လူငယ်တွေ အခုလို လုပ်ဆောင်နေတာက ပါတီတစ်ခုခုကို အားပေး ဘက်လိုက်ပြီး လုပ်နေတာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို မလိုလားလို့ လုပ်ဆောင်နေကြတာပါ။ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ကျွန်တော်တို့ လူငယ်တွေ တတ်နိုင်တဲ့နေရာကနေ အမြဲပါဝင်သွားမှာပါ။"ဟု တာချီလိတ်မြို့နေ လူငယ်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်၌ ဝန်ထမ်းများ လုပ်ငန်းတာဝန်ကို မဝင်ကြစေလိုဘဲ ပြည်သူ့အစိုးရလက်အောက်၌သာ လုပ်ငန်းဝင်ကြရန်အတွက် CDM တွင် ပူးပေါင်းပါဝင်ပေးရေးအဖြစ် နိုင်ငံအတွင်း လုပ်ဆောင်နေလျက်ရှိရာတွင် ကျန်းမာရေးဌာန နှင့် ပညာရေးဌာနတို့မှ အများအပြားပါဝင်နေပြီး ကျန်ဌာနများလည်း ပူးပေါင်း ပါဝင်လှုပ်ဆောင်နေကြကြောင်း သိရသည်။



တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဖေဖော်ဝါရီလ၏ ပထမအပတ်ကတည်းက စတင်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ ဆက်လက် လုပ်ဆောင်နေသည်ကို တွေ့ရသည်။



Tachileik News Agency