တာချီလိတ်သို့ ပြန်ဝင်ရန် အတွက် မယ်ဆိုင်ဘက်တွင် မတ်လ(၃၁)ရက်နေ့ ညပိုင်းအထိ ဒေသအသီးသီးမှ မြန်မာနိုင်ငံသား အလုပ်သမား (၆၀)နီးပါး ရောက်ရှိနေ

တာချီလိတ်သို့ ပြန်ဝင်ရန် အတွက် မယ်ဆိုင်ဘက်တွင် မတ်လ(၃၁)ရက်နေ့ ညပိုင်းအထိ ဒေသအသီးသီးမှ မြန်မာနိုင်ငံသား အလုပ်သမား (၆၀)နီးပါး ရောက်ရှိနေ
မတ် 31, 2020
By Tachileik News Agency
တာချီလိတ်သို့ ပြန်ဝင်ရန် အတွက် မယ်ဆိုင်ဘက်တွင် မတ်လ(၃၁)ရက်နေ့ ညပိုင်းအထိ ဒေသအသီးသီးမှ မြန်မာနိုင်ငံသား အလုပ်သမား (၆၀)နီးပါး ရောက်ရှိနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ထိုင်းနိုင်ငံအတွင်း ဒေသအသီးသီးမှ ရောက်ရှိလာပြီး တာချီလိတ်သို့ ဝင်ရောက်ရန်အတွက် မတ်လ(၃၁)ရက်နေ့ ညပိုင်းအထိ မြန်မာနိုင်ငံသား ကလေးငယ်များ အပါအဝင် (၆၀)နီးပါး  ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဒေသအသီးသီးမှ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်သို့ မတ်လ(၃၀)ရက်နေ့ ညနေပိုင်းက စ၍ အုပ်စုခွဲ၍ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့အား မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက မယ်ဆိုင်မြို့ရှိ လွိုင်ဝေါင်းဘုန်းကြီးကျောင်းတွင် ယာယီထားရှိပေးထားကြောင်း သိရသည်။

ရောက်တာက မနေ့ညကမှ ရောက်တာ ပထမတစ်ဖွဲ့ရောက်တာက (၂၀)လောက် ရောက်လာတာ၊ မနက်ရောက်တော့ (၁၀)ကျော်ရောက်လာတာ။ ညနေပိုင်းရောက်တော့ ကလေး အပါအဝင် (၅၇)ဦးဖြစ်သွားတယ်

ဟု မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၃၁)ရက်နေ့ ညပိုင်းတွင် ပြောသည်။

ထိုင်းနိုင်ငံအတွင်း ဒေသအသီးသီးမှ ပြန်ရောက်လာကြသူများအပြင် မယ်ဆိုင်မြို့တွင်နေသူများကလည်း မယ်ဆိုင်မြို့တွင် နေထိုင်စားသောက်ရန်အတွက် အဆင်မပြေ၍ တာချီလိတ်သို့ ပြန်လည်ဝင်ရောက်ရန် လိုလားနေလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားအား မတ်လ(၂၃)ရက်နေ့က စ၍ ထိုင်းဘက်က ယာယီပိတ်ထားလိုက်ပြီးနောက် ထိုင်းနိုင်ငံအတွင်းမှ တရားဝင် မြန်မာအလုပ်သမားများ (၆)ကြိမ်အတွင်း (၁၇၀၀)ဝန်းကျင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင်  ကိုရိုနာဗိုင်းရပ်စ်အား တားဆီးကာကွယ်ရန်အတွက် မယ်ဆိုင်ဘက်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား လက်မခံတော့ကြောင်း အသိပေးထားသော်လည်း ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသားများမှာ မယ်ဆိုင်မြို့ရှိ ချစ်ကြည်ရေးတံတားထိပ်သို့ ရောက်ရှိလာနေသည့်အတွက် မတ်လ(၃၁)ရက်နေ့ ညပိုင်းအထိ (၅၇)ဦးရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

မတ်လ(၂၄)ရက်နေ့က စ၍ မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ တရားဝင်မြန်မာအလုပ်သမားများ ဝင်ရောက်လာမှု (၆)ကြိမ်အတွင်း ဝင်ရောက်လာသူ (၁၇၀၀)ကျော်ရှိခဲ့ပြီး မတ်လ(၂၅)ရက်နေ့က တာချီလိတ်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား တစ်ဦးသည် ကျောက်မဲမြို့သို့ ပြန်အရောက်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလုပ်နာအဖြစ် စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

Tachileik News Agency
Photo: Kriangsak Amphornphai


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~