မကွေးတိုင်းတွင် ကျန်းမာရေးဝန်ထမ်းများ ဖဲကြိုးနီ ကမ်ပိန်းများပြုလုပ်နေသော်လည်း ကုသမှုဆက်လုပ်မည်

မကွေးတိုင်းတွင် ကျန်းမာရေးဝန်ထမ်းများ ဖဲကြိုးနီ ကမ်ပိန်းများပြုလုပ်နေသော်လည်း ကုသမှုဆက်လုပ်မည်

မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့မှ ကျန်းမာရေးဝန်ထမ်းများ ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းတွင် Red Ribbon Campaign များ လုပ်ဆောင်နေကြောင်း သိရပြီး  Campaign လုပ်ဆောင်နေကြသော်လည်း ဆေးကုသရေးလုပ်ငန်းများကို ရပ်နားမည်မဟုတ်ဟု သိရသည်။

ကျွန်တော်တို့ Campaign မှာ ပါတယ်။ လက်ရှိဖြစ်တည်နေတဲ့အခြေအနေကို ဆန့်ကျင်တဲ့အနေနဲ့ Red Ribbon Campaign ကို စလုပ်ကြတာပါ။ ကျွန်တော်တို့က တိုင်းပြည်ကို မနစ်နာစေချင်ပါဘူး။ ဒါ့ကြောင့် Campaign လုပ်တယ်ဆိုပေမယ့် ကုသရေးလုပ်ငန်းကိုတော့ ဆက်လက်လုပ်ကိုင်သွားမှာပါ

ဟု Campaign တွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ Campaign ကို ဝန်ထမ်းတစ်ဦးချင်းစီ၏ သဘောထားအတိုင်းသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ဆေးရုံ၏ အုပ်ချုပ်ရေးနှင့် လူနာကုသရေးတို့ကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ Red Ribbon Campaign ကို တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒသဘောထားနဲ့ သူတို့ လုပ်နေကြတာပါ။  လူနာကုသရေးလုပ်ငန်းတွေ အုပ်ချုပ်ရေးလုပ်ငန်းတွေ မဖျက် ကြပါဘူး။ လုပ်နေကြပါတယ်

ဟု မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေး က ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ဆေးကုသရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်စေရေးအတွက် ဆေးရုံအုပ်များမှ ဆေးပညာလောက မိသားစုချင်း စေ့စပ်ညှိနှိုင်းရန် ညွှန်ကြားထားကြောင်း သိရသည်။

ဒီနေ့ ပြည်ထောင်စုဝန်ကြီးနဲ့ video Conferencing လုပ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကိုယ့်ရဲ့ ဆေးပညာလောက မိသားစုအချင်းချင်းစေ့စပ်ညှိနှိုင်းပြီး အလုပ်ဆက်ပြီးဆင်းဖို့ ဆေးရုံအုပ်တွေ ကို ပြောခိုင်းထားတယ်။ ဆေးရုံအုပ်တွေကလည်း ပြောပေးမယ်ပေါ့။ လောလောဆယ် အရေးပေါ် ခွဲခန်းဝင်ဖို့တွေ အတွက်လည်း အဆင်သင့်ရှိကြပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ ဆေးရုံအုပ်နဲ့ ဝန်ထမ်းတွေ ညှိနှိုင်းပြီး လုပ်ဆောင်ကြမှာပါ

ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာမွန်မွန်မြင့်က ပြောသည်။

အဆိုပါ Campaign များကို မကွေးတိုင်းအတွင်းရှိ သရက်၊ ဂန့်ဂေါ၊ နတ်မောက်၊ ရေနံချောင်း၊ ပွင့်ဖြူ၊ မကွေး စသည့် မြို့နယ်များတွင် ဖေဖော်ဝါရီလ(၃)ရက် နံနက်ပိုင်းတွင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဖီးနစ်



 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...