တာချီလိတ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ  စစ်အာဏာရှင်ဆန့်ကျင်သည့် Civil Disobedience Campaign တွင် ပါဝင်နေ၍  ကလေးလူနာများ ကုသမှု အခက်အခဲမဖြစ်စေရေးအတွက် စီစဉ်ပေးထား

တာချီလိတ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ  စစ်အာဏာရှင်ဆန့်ကျင်သည့် Civil Disobedience Campaign တွင် ပါဝင်နေ၍  ကလေးလူနာများ ကုသမှု အခက်အခဲမဖြစ်စေရေးအတွက် စီစဉ်ပေးထား
ဖေဖော်ဝါရီ 8, 2021 | ကျန်းမာရေး| ရှမ်းရှေ့

တာချီလိတ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ  စစ်အာဏာရှင်ဆန့်ကျင်သည့် Civil Disobedience Campaign တွင် ပါဝင်နေ၍  ကလေးလူနာများ ကုသမှု အခက်အခဲမဖြစ်စေရေးအတွက် စီစဉ်ပေးထား

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက စစ်အာဏာရှင်စနစ်လက်အောက်တွင် အလုပ် မလုပ်သည့် ပြည်သူ့ဝန်ထမ်းများ၏ Civil Disobedience Campaign တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈) ရက်နေ့မှစ၍ ပါဝင်နေသော်လည်း ကလေးလူနာများ ကုသမှု အခက်အခဲ မဖြစ်စေရေးအတွက် စီစဉ်ပေးထားပြီး ကျန်လူနာများအတွက်လည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



"ကျွန်တော်တို့ ဆေးရုံက CDC လုပ်လိုက်တော့ ကလေးလူနာတွေ အခက်အခဲမဖြစ်အောင် ဆေးရုံ OPD မှာပြနေတဲ့ ကလေးတွေအနေနဲ့ ကျွန်တော့်ဆေးခန်းမှာ နေ့စဉ် မနက် (၈)နာရီကနေ နေ့လယ် (၁၁)နာရီအထိ ကလေးလူနာတွေအတွက် အားလုံး FOC (အခမဲ့) လုပ်ပေးနေတာကို မနေ့ကတည်းက စလုပ်နေတယ်။ နောက် ဆေးရုံတက်ဖို့လိုတယ်။ ဆေးရုံတက်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် ကျွန်တော့်ဘက်က အလကားကြည့်ပေးမယ်။ ဆေးရုံတက်ဖို့လိုရင်လည်း ကျွန်တော် ပြောပေးမယ်။ ဒါက ကျွန်တော်ကူညီနိုင်တာပေါ့နော်"ဟု တာချီလိတ်ခရိုင်ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်စွာမြင့်၏ ကလေးဆေးကုသခန်းအား တာချီလိတ်မြို့ မြန်မာစီးပွားရေးဘဏ်အနီး ပဒုမ္မာ(ခွေဆိုင်)လမ်းကြားတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက အာဏာရှင်စနစ်အောက်တွင် အလုပ်မလုပ်ကြောင်း Civil Disobedience Campaign ကို ပြုလုပ်နေကြသည့်နည်းတူ ပြည်သူလူထုက နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

Tachileik News Agecny