တာချီလိတ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအားလုံး CDC ကမ်ပိန်းတွင် ပါဝင်လိုက်ပြီး စစ်အာဏာသိမ်းအစိုးရလက်အောက်တွင် အလုပ်မလုပ်လိုတော့၍ လူနာလက်ခံကုသပေးခြင်းများ မပြုလုပ်တော့ကြောင်း အသိပေးထုတ်ပြန်

တာချီလိတ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအားလုံး CDC ကမ်ပိန်းတွင် ပါဝင်လိုက်ပြီး စစ်အာဏာသိမ်းအစိုးရလက်အောက်တွင် အလုပ်မလုပ်လိုတော့၍ လူနာလက်ခံကုသပေးခြင်းများ မပြုလုပ်တော့ကြောင်း အသိပေးထုတ်ပြန်
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ခရိုင်ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းများက စစ်အာဏာသိမ်းအစိုးရလက်အောက်တွင် အလုပ်မလုပ်လိုသည့် ပြည်သူ့ဝန်ထမ်းများ၏ Civil Disobedience Campaign တွင် ပါဝင်လုပ်ဆောင်နေ၍ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့မှစ၍ လူနာလက်ခံကုသခြင်း မပြုနိုင်တော့ကြောင်း ပြည်သူများထံ တောင်းပန်အပ်ပါသည်ဟု အသိပေးထုတ်ပြန်ထားသည်။



စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက Civil Disobedience Campaign ကို လုပ်ဆောင်လာကြရာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ပါဝင်လာကြခြင်းဖြစ်သည်။



စစ်တပ်က လူနာများအား တပ်မတော်ဆေးရုံတွင် လာရောက်ကုသနိုင်ကြောင်း ကြေညာလာသည့်အတွက် ပြည်သူ့ဆေးရုံများက လူနာများအား လက်မခံတော့ရန် ဆုံးဖြတ်မှုများလည်း ထွက်ပေါ်လာကြခြင်းဖြစ်သည်။



ဆေးရုံရှိ လက်ရှိလူနာများကို ကုသပေးမည်ဖြစ်သော်လည်း လူနာသစ်များအနေဖြင့် တပ်မတော်ဆေးရုံသို့ သွားရောက်ပြသကြရန် လေးစားစွာတောင်းပန်အပ်ပါသည်ဟု ဖေါ်ပြထားသည်။



တာချီလိတ်ခရိုင်ပြည်သူူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တစ်စုံတစ်ခုသော ဖိအားပေးမှု၊ ခြိမ်းခြောက်မှု၊ သွေးခွဲမှုများရှိလာပါကလည်း CDM ကိုသာ တစိုက်မတ်မတ်လုပ်ဆောင်မည်ဟု ဖေါ်ပြထားသည်။



ဆေးရုံတွင် လူနာသစ်များ လက်ခံကုသပေးခြင်းမရှိတော့ဘဲ CDM ကို လုပ်ဆောင်နေသော်လည်း ဆေးရုံတွင် အမြဲတမ်းပြသနေရသည့်လူနာများအတွက် ပြင်ပဆေးခန်းတွင် ကုသမှုအဆင်ပြေစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency