ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့တွင် လမ်းပေါ်ထွက်ပြီး သံပုံးတီးသူ အပါအဝင် (၃)ဦးကို အလုပ်မဲ့ ထောင်ဒဏ် (၇)ရက် ချမှတ်

ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့တွင် လမ်းပေါ်ထွက်ပြီး သံပုံးတီးသူ အပါအဝင် (၃)ဦးကို အလုပ်မဲ့ ထောင်ဒဏ် (၇)ရက် ချမှတ်
ဖေဖော်ဝါရီ 5, 2021 | မှုခင်းသတင်း| ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့၏ နေအိမ်မှ လမ်းပေါ်ထွက် သံပုံးတီးသည့် လူငယ်အပါအဝင် သံပုံးတီးသူ (၂) ဦးနှင့် ကားဟွန်းတီးသူ (၁) ဦးတို့အား ဖမ်းဆီးပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် လွိုင်ကော်မြို့ နယ်တရားရုံးတင်လိုက်ပြီးနောက် အလုပ်မဲ့ ထောင်ဒဏ် (၇) ရက် အမိန့်ချမှတ်လိုက်သည်။ 

တပ်မတော်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန့်ကျင်သည့် အနေဖြင့် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများက ဖေဖော်ဝါရီလ (၃) ရက်နေ့မှစ၍  သံပုံးတီးလှုပ်ရှားမှုကို လုပ်ဆောင်နေရာ လွိုင်ကော်မြို့ရှိ ရပ်ကွက်တိုင်း လုပ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။

လွိုင်ကော်ခရိုင်ရဲရုံးရှေ့ရှိ နေအိမ်မှ လူငယ်အပါအဝင် သံပုံးတီးသူ (၂) ဦးနှင့် ကားဟွန်းတီးသူ (၁)ဦးတို့ကို မြို့မရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ (၄) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးလိုက်ပြီးနောက် ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးတင်ကာ ထောင်ဒဏ် (၇)ရက်ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းဆီးလိုက်ခြင်းနှင့်ပတ်သက်၍  လွိုင်ကော်မြို့ မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရခဲ့သည့်အပြင် ဖမ်းဆီးခံရသူများကို မိသားစုနှင့်လည်း တွေ့ခွင့်မပြုကြောင်း သိရသည်။

သံပုံးတီးသူများမှာ နေအိမ်ခြံဝန်းအတွင်းမဟုတ်ဘဲ လမ်းပေါ်တွင် ထွက်၍တီးသဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့် ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။