တာချီလိတ်မြို့ အရှေ့မြို့ရှောင်လမ်းတွင် အမျိုးသား(၃)ဦးက အမျိုးသမီး(၁)ဦးကို ဓါးဖြင့် ခြိမ်းခြောက်ပြီး လုယက်

တာချီလိတ်မြို့ အရှေ့မြို့ရှောင်လမ်းတွင် အမျိုးသား(၃)ဦးက အမျိုးသမီး(၁)ဦးကို ဓါးဖြင့် ခြိမ်းခြောက်ပြီး လုယက်

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် အရှေ့မြို့ပတ်လမ်း  1g1 ဟိုတယ်လမ်း နှင့်  အွန်ခမ်းကျောက်ဆီပန့်လမ်းထောင့်တွင် ဓါးကိုင်ဆောင်ထားသည့် အမျိုးသား(၃)ဦးက အမျိုးသမီးတစ်ဦးကို ဓါးဖြင့် ထောက်ပြီး လုယက်မှု ဖြစ်ပွားကြောင်း သိရသည်။



ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း အနောက်မြို့ပတ်လမ်းပေါ် 1G1 ဟိုတယ်လမ်း တည့်တည့်ကနေ အွန်ခမ်းကျောက် ဆီပန့်သို့ ကွေ့ရာ လမ်းအကွေ့တွင် ဓါးကိုင်ဆောင်ထားပြီး ဦးထုပ်များဆောင်းကာ နှာခေါင်းစည်း(Mask)များ တပ်ဆင်ထားသည့် အမျိုးသား(၃)ဦးက အမျိုးသမီးတစ်ဦးကို ဓါးဖြင့်ထောက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ်လုယက်ခြင်း ဖြစ်ကြောင်း သိရသည်။

"လူသုံးယောက် ဦးထုပ်ဆောင်းထားတယ်။ Mask လည်း တပ်ထားတယ်။ ပေးရင်ပေး မပေးရင် ဓါးနဲ့ထိုးမယ်ပြောတယ်။ ဖုန်းတွေရော၊ ပိုက်ဆံ ဘတ်(၁,၇၀၀)ပါသွားတယ်။ ဖုန်းထဲ(ကာဗာအတွင်း)မှာ မှတ်ပုံတင်ပါ ပါသွားတာ။"ဟု ကြုံခဲ့ရသူက Tachileik News Agency ကို မေလ(၂၁)ရက်နေ့တွင် ပြောပြသည်။

အလားတူ တာချီလိတ်မြို့တွင် နေ့ရောညပါ လုယက်မှုများဖြစ်ပွားနေလျက်ရှိရာ မေလ(၁၈)ရက်နေ့ နံနက်(၁၁)နာရီ (၂၇)မိနစ်အချိန်ကလည်း ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၊ ဝမ်မိုင်ရွာအနီးတွင် လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

"ဝမ်မိုင်ရွာနားမှာ ကောင်မလေးတစ်ယောက်က ဆိုင်ကယ်စီးလာတာ။ အနောက်ကနေ Wave အနီနက် ရောင် ဆိုင်ကယ်ကိုစီးပြီး အမျိုးသား(၂)ဦး လိုက်လာပြီးတော့ လွယ်ထားတဲ့ အိတ်ကို ဆွဲလုတာ ကောင်မလေးက ဆိုင်ကယ်ရော လုရော လဲကျသွားတယ်။ ဖြစ်တာက မနက် (၁၁)နာရီခွဲခါနီးမှာ ဖြစ်တာ။ နေ့ခင်းကြီးကို အရမ်းအတင့်ရဲနေတယ်"ဟု ဝမ်မိုင်ရွာအနီးနေသူ တစ်ဦးက မေလ(၁၈)ရက်နေ့၏ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောပြသည်။

တာချီလိတ်မြို့တွင် နေ့စဉ် နေ့ရော ညပါ ယခုလို ဖြစ်စဉ်များ ဖြစ်ပွားနေသလို ဆိုင်ကယ်ခိုးမှုများလည်း နေ့စဉ်ဖြစ်ပွားနေသော်လည်း ခံရသူများအနေဖြင့် ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခြင်းမရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခုလို ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ မြို့ပြင် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ နှင့် စက်မှုဇုန်အထိ လုယက်ခံရမှုများနှင့် ကြုံတွေ့ရပါက ဟောင်လိတ်နယ်မြေရဲစခန်းပိုင်းဖြစ်သည့် ဟောင်လိတ်စခန်းမှူး ရဲအုပ်ပြည့်စုံဖြိုး ဖုန်း 09426533368 သို့ လည်းကောင်း ပုန်းထွန်ရပ်ကွက်မှ မယ်ဆိုင်ရပ်ကွက်အထိ ယင်းသို့ ဖြစ်ပေါ်လာပါက တာချီလိတ်မြို့မရဲစခန်း၏ စခန်းမှူး ဒုရဲမှူး ကျော်ကျော်ဦး၏ ဖုန်း 0943045944 နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝင်းလှိုင်၏ ဖုန်း 09421002558 သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းနှင့် ၎င်းတို့က မြန်မြန်ဆန်ဆန် ကူညီဆောင်ရွက်ပေးခြင်းမရှိပါက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်လင်းအောင် ၏ ဖုန်း 09440268441 သို့  ဆက်သွယ်နိုင်ကြောင်းလည်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။