တပ်က နိုင်ငံတော်အာဏာရယူလိုက်ပြီး (၄) ရက်မြောက်နေ့တွင် facebook လူမှုကွန်ရက်ကို ပုံမှန်အတိုင်း အသုံးပြု၍ မရအောင် ပိတ်ထား

တပ်က နိုင်ငံတော်အာဏာရယူလိုက်ပြီး (၄) ရက်မြောက်နေ့တွင် facebook လူမှုကွန်ရက်ကို ပုံမှန်အတိုင်း အသုံးပြု၍ မရအောင် ပိတ်ထား
ဖေဖော်ဝါရီ 4, 2021 | နိုင်ငံရေး
By Tachileik News Agency

မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ ရယူလိုက်ပြီးနောက် facebook လူမှုကွန်ရက်အား ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့အထိ ယာယီပိတ်ရန် ညွှန်ကြားစာတစ်စောင် ဖေဖေါ်ဝါရီလ (၃) ရက်နေ့က ထွက်ပေါ်လာပြီးနောက် ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် facebook လူမှုကွန်ရက်စာမျက်နှာအား ပုံမှန်အတိုင်း အသုံးပြု၍ မရတော့ဘဲဖြစ်လာသည်။

ဖေဖေါ်ဝါရီလ (၃) ရက်နေ့ နေ့စွဲဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက facebook အား ယာယီပိတ်ရန် ညွှန်ကြားစာကို ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် စိုးသိန်းလက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်ကို တွေ့ရပြီး ဖေဖေါ်ဝါရီလ (၄) ရက်နေ့၌ အဆိုပါ ထုတ်ပြန်ချက်မှာ အတုဖြစ်သည်ဟုဆိုတာ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် စာတစ်စောင်လည်း ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောက မြန်မာအာဏာပိုင်များ၏ ညွှန်ကြားချက်အရ ယာယီတားဆီးပိတ်ပင်ခြင်းကို ဖေဖေါ်ဝါရီလ (၄) ရက်နေ့မှစ၍ လုပ်ဆောင်ရသော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုအတွက် ဝမ်းနည်းရကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။



မြန်မာ့တပ်မတော်က ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ မဲစာရင်းမှား၍ဟုဆိုကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အစိုးရအဖွဲ့၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်နှင့်  NLD ပါတီ တာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီး ယင်းကဲ့သို့ အာဏာသိမ်းရခြင်းမှာ မလွှဲမရှောင်သာ၍ လုပ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Facebook ကို ပိတ်ထားသော်လည်း နိုင်ငံအတွင်း အသုံးပြုသူများက VPN များ အသုံးပြု၍ Facebook ကို ဆက်လက်သုံးစွဲနေရကြောင်း သိရသည်။

Tachileik News Agency