မင်းလှမြို့နယ်အတွင်းမှ အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ 

မင်းလှမြို့နယ်အတွင်းမှ အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ 
နိုဝင်ဘာ 18, 2021 | အခြားဒေသများ

မကွေးတိုင်း၊ မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမှော်ရှိ အာဏာသိမ်းစစ်တပ်ပိုင်စီးပွားရေးဖြစ်သည့် Mytel ဆက်သွယ်ရေး တာဝါတိုင်ကို မကွေး PDF နှင့် မင်းလှမြို့နယ် ပျောက်ကြားတပ်ဖွဲ့တို့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့ ညပိုင်းတွင် အဝေးထိန်းမိုင်းဖြင့် ဖေါက်ခွဲလိုက်ကြောင်း သိရသည်။

မကွေး PDF က ၎င်းတို့လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ယနေ့ နိုဝင်ဘာလ (၁၈)ရက်နေ့၌ သတင်းထုတ်ပြန်ထားခြင်းဖြစ်ပြီး ဒေသတွင်းမှ အာဏာသိမ်းအဖွဲ့အား သတင်းပေးနေသူများကိုလည်း သတင်းပေးလုပ်ရပ်များကို ရပ်တန့်ကြရန်လည်း အဆိုပါ ထုတ်ပြန်ချက်ဖြင့် သတိပေးထားသည်ကို တွေ့ရသည်။

ယမန်နေ့ ဖေါက်ခွဲမှုတွင်  ဒဟတ်ပင်ရေနံရဲကင်းအတွင်းကိုပါ ချိန်ကိုက်မိုင်း ဖေါက်ခွဲရန် ဖြစ်သော်လည်း ဖေါက်ခွဲမှု မအောင်မြင်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ဆန္ဒမဲများကို ပယ်ဖျက်ပြီး စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ချိန်မှစ၍ ပြည်သူများက စစ်တပ်ပိုင်နှင့် စစ်တပ်ဖြင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ခြင်းများ လုပ်ဆောင်လာကြသည့်အပြင် စစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် Mytel ၏ တာဝါတိုင်များလည်း ဆက်တိုက်ဖျက်ဆီးခံလာရခြင်းဖြစ်သည်။