တပ်ချုပ်က ပြည်ထောင်စုအဆင့် ဒုဝန်ကြီး(၂၄)ဦးကို တာဝန်မှ ရပ်စဲ

တပ်ချုပ်က ပြည်ထောင်စုအဆင့် ဒုဝန်ကြီး(၂၄)ဦးကို တာဝန်မှ ရပ်စဲ
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများမှ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဒုတိယဝန်ကြီး (၂၄) ဦးအား ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ တာဝန်မှရပ်စဲကြောင်း ထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး (၂၄)ဦးအား လက်ရှိတာဝန်များမှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များအား ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော် အာဏာသိမ်းလိုက်ကာ နိုင်ငံအား အရေးပေါ်အခြေအနေ (၁) နှစ်ကြေညာလိုက်ခြင်းဖြစ်သည်။