တာချီလိတ်မြို့ ပုန်ထွန်းရပ်ကွက်အတွင်း ကျပ်ဘီလီယံပေါင်း (၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ပုန်ထွန်းရပ်ကွက်အတွင်း ကျပ်ဘီလီယံပေါင်း (၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် (၄)လမ်းအတွင်းရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးအမျိုးစုံ အမြောက်အများ၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပစ္စည်းများနှင့်အတူ လက်နက်ခဲယမ်းများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။



"ဖမ်းတာက ဒန(ဒုစရိုက်နှိမ်နင်းရေး)နဲ့ စရဖနဲ့ဖမ်းတာ။ ပစ္စည်းတွေကများတော့ မူးယစ်တပ်ဖွဲ့ဆီ လွှဲလိုက်တာ။ သေနတ်က ပွိုင့် ၂၂ လုပ်သေနတ်ပါ"ဟု ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ပူးပေါင်းရဲတပ်ဖွဲ့သည် ဇန်နဝါရီလ (၃၀) ရက်နေ့ ညပိုင်းအချိန်က ပုန်းထွန်ရပ်ကွက်ရှိ အလူရာဟိုတယ်အနီးတွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးသယ်ဆောင်လာသည်ဟု သတင်းရသည့် ကျိုင်းဆပ်မွန်းကို ဖမ်းမိပြီးနောက်  ပုန်းထွန်ရပ်ကွက်၊ (၄) လမ်းအတွင်းရှိ စိုင်းယီဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုင်းယီဝင်းနှင့် နန်းနွဲ့ယဉ်တို့ကို နေအိမ်၌ဖမ်းမိကြောင်း သိရသည်။ 



အဆိုပါနေအိမ်အတွင်းမှ GDR တံဆိပ်ပါ အဝါရောင် အက်တစီဆေးပြား (၅၁,၀၀၀) ပြား၊ နီညိုရောင် အက်တစီဆေးပြား (၄,၅၀၀)ပြား၊ CROWN တံဆိပ်ပါ အစိမ်းရောင် အက်တစီဆေးပြား (၆၈,၀၀၀) ပြား၊ စုစုပေါင်း အက်တစီဆေးပြား (၁၄၁,၅၀၀) ပြားကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။



ယင်းအပြင် လှေကားအောက်အခန်းငယ်အတွင်း ကွန်ကရစ်ဖြင့်ပိတ်ထားသည့် အခန်းအား ထုခွဲရှာဖွေရာ ဘိန်းဖြူဘလောက်တုံး အလေးချိန် (၃၅၀) ဂရမ်ခန့်စီပါ ဘလောက်တုံး (၉၀)တုံး၊ စုစုပေါင်း အလေးအချိန် (၃၁.၅) ကီလိုခန့်၊ အိုက်စ် အလေးချိန် (၁.၅) ကီလိုခန့်၊ WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၆၅၀,၀၀၀)ပြား၊ နီညိုရောင် စိတ်ကြွဆေးမှုန့် (၄၅) ကီလိုခန့်ကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။



မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ကဖင်း အလေးချိန် (၅၅)ကီလိုခန့်၊ မျောက်တံဆိပ်အနံ့ဆေးရည် (၂၀) ပုလင်း၊ ဘယ်နလင်အမှုန့် အလေးချိန် (၉) ကီလိုခန့်၊ အလေးချိန် (၂) ကီလိုခန့်ပါ အနံ့မှုန့် (၁) ထုပ်၊ တံဆိပ်မပါ မိုလ် (၃၅) ချောင်း၊ WY တံဆိပ်ပါ မိုလ် (၃၅) ချောင်း၊ မိုခေါင်း (၃၅) ခု၊ 999 စာတမ်းပါ တံဆိပ်တုံး (၁) ခု၊ A စာတမ်းပါ တံဆိပ်တုံး (၁) ခု၊ စိတ်ကြွဆေးပြားထည့်ရာတွင် အသုံးပြုသည့် တစ်အိတ်လျှင် (၂၅၀) ခန့်စီပါ အပြာရောင်ကပ်ခွာအိတ် (၈) ထုပ်၊ စတီးမွှေစက် (၂) လုံး၊ ဆိုဒ်မျိုးစုံ စတီးစလုံ (၁၀) လုံး၊ ကီလိုချိန်ခွင် (၁) ခု၊ ပွိုင့် ၂၂ လုပ်သေနတ်ပြောင်းရှည် (၁) လက်နှင့် ၎င်းကျည် (၂၉၅) တောင့်တို့ကိုလည်း အဆိုပါ နေအိမ်မှ သိမ်းဆည်းရမိကြောင်း သိရသည်။



မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆပ်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းယီဝင်း၊ နန်းနွဲ့ယဉ်နှင့် ကျိုင်းဆမ်မွန်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး ကွင်းဆက်တရားခံများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

 

Tachileik News Agency

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။