ရှမ်းပြည်နယ်အတွင်း ဘေးတွဲဆိုင်ကယ်များကို စိစစ်အရေးယူရန် ပြည်နယ်အစိုးရ ညွှန်ကြား

ရှမ်းပြည်နယ်အတွင်း ဘေးတွဲဆိုင်ကယ်များကို စိစစ်အရေးယူရန် ပြည်နယ်အစိုးရ ညွှန်ကြား
ဇန်နဝါရီ 30, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်း အများပြည်သူလမ်းမများ၌ ဘေးတွဲဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခြင်းများကြောင့် ယာဉ်၊လမ်းအန္တရာယ် ဘေးကင်းလုံခြုံမှုမရှိသည့်အပြင် ဘေးတွဲဆိုင်ကယ်များ မှတ်ပုံတင်ခွင့်မရှိ၍ စိစစ်အရေးယူသွားရန် ပြည်နယ်အစိုးရက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ညွှန်ကြားထားပြီကြောင်း သိရသည်။



ဆိုင်ကယ်များကို ဘေးတွဲဆိုင်ကယ်အဖြစ် ပြုပြင်ပြောင်းလဲလိုက်ရာ ယာဉ်ကြံ့ခိုင်မှုမရှိဖြစ်စေပြီး အဆိုပါယာဉ်များဖြင့် အများပြည်သူ သွားလာနေသည့် လမ်းမများထက်တွင် စီးပွားဖြစ် ကုန်ပစ္စည်းတင်ဆောင်မောင်းနှင်ခြင်း၊ လူတင်ဆောင်မောင်းနှင်မှုများပြုလုပ်နေခြင်းမှာ လမ်းအန္တရာယ်ဖြစ်စေ၍ ဘေးတွဲဆိုင်ကယ်များ အသုံးပြုမှုကို တားမြစ်ရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် ကျင်းပသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးတွင်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။



ဆိုင်ကယ်များကို ဘေးတွဲ တပ်ဆင်ပြောင်းလဲခြင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရန် ခွင့်ပြုထားခြင်းမရှိသဖြင့် ဘေးတွဲဆိုင်ကယ်များကို အများပြည်သူ အသုံးပြုနေသည့် လမ်းမများထက်တွင် ဖြတ်သန်းမောင်းနှင်ခြင်းအား စစ်ဆေးကြပ်မတ်အရေးယူဆောင်ရွက်သွားရန်အတွက် ပြည်နယ်တွင်း ခရိုင်၊မြို့နယ်အသီးသီးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီလ (၈) ရက်နေ့တွင် စာအမှတ် ၂၅၄/၇-၃၂၄ အစရ(ရှမ်း) ဖြင့် ညွှန်ကြားထားကြောင်း သိရသည်။



ဘေးတွဲဆိုင်ကယ်များကို အများပြည်သူဆိုင်ရာ လမ်းမများထက်တွင် မောင်းနှင်သွားလာပါက ၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေ အခန်း (၁၄)၊ ပုဒ်မ (၉၅) အရ ထောင်ဒဏ် (၃) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။