တာချီလိတ်မြို့ ဖန်မင် - ဝှေလေလန်ကျေးရွာလမ်းတွင် မော်တော်ယာဉ် (၄) စီးဖြင့်သယ်လာသည့် ကဖင်း (၆,၀၂၅) ကီလို ဖမ်းဆီးရမိ 

 ဖန်မင်- ဝှေလေလန်ကျေးရွာလမ်းမှ ဖမ်းမိသည့် မူးယစ်ဆေးသယ်သူများ
ဖန်မင်- ဝှေလေလန်ကျေးရွာလမ်းမှ ဖမ်းမိသည့် မူးယစ်ဆေးသယ်သူများ
တာချီလိတ်မြို့ ဖန်မင် - ဝှေလေလန်ကျေးရွာလမ်းတွင် မော်တော်ယာဉ် (၄) စီးဖြင့်သယ်လာသည့် ကဖင်း (၆,၀၂၅) ကီလို ဖမ်းဆီးရမိ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာ - ဝှေလေလန်ကျေးရွာလမ်းတွင် မူးယစ်ဆေး ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်း ကဖင်း (၆,၀၂၅) ကီလို သယ်ဆောင်လာသည့် မော်တော်ယာဉ် (၄) စီးအား အမျိုးသား (၂)ဦးနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ဖမ်းဆီးရမိထားသည်။

တာချီလိတ်မြို့၊ ဖန်မင် - ဝှေလေလန်လမ်းတွင် ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက် (၃) နာရီဝန်းကျင်က မယ်လိတ်ပါကော် ကျေးရွာဘက်မှ ဖန်မင်ဘက်သို့ မောင်းနှင်လာသည့် Vigo Champ မော်တော်ယာဉ်ကို မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များက တားမြစ်ရာ အဆိုပါ မော်တော်ယာဉ်နောက်မှ ပါလာသည့် မော်တော်ယာဉ် (၃) စီးက ပြန်လှည့် မောင်းနှင်သွားကြခြင်း ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသည့် မော်တော်ယာဉ် (၃) စီးအား လိုက်လံပိတ်ဆို့ ပစ်ခတ်ဖမ်းဆီးရာ ယာဉ်များကိုထားခဲ့ပြီး ယာဉ်မောင်းများ ထွက်ပြေးလွတ်မြောက်သွားကြကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မော်တော်ယာဉ် (၄)စီးကို ရှာဖွေရာ တစ်အိတ်လျှင် ကဖင်းအလေးချိန် (၂၅) ကီလိုစီ ထည့်သွင်းထားသည့် အိတ်ပေါင်း (၂၄၁) စုစုပေါင်း အလေးချိန် (၆,၀၂၅) ကီလိုကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မော်တော်ယာဉ် (၄) စီးအနက် ရှေ့ဆုံးမော်တော်ယာဉ်မှ ဖမ်းဆီးထိန်းသိမ်းထားနိုင်သည့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ မယ်ဘယ် (ခ) အလီးနှင့် ကျကျိုရှီးတို့အပြင် ထွက်ပြေးသွားသူများကိုပါ ဟောင်လိတ်နယ်မြေရဲကင်းစခန်းတွင် မယ(ပ) ၆/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ခ)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။