မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်အတွင်း မီးလောင်မှုကြောင့် နေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံး

မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်အတွင်း မီးလောင်မှုကြောင့် နေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံး
ဇန်နဝါရီ 9, 2020
By Tachileik News Agency

မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်အတွင်း မီးလောင်မှုကြောင့် နေအိမ်(၁၂)လုံး မီးလောင်ဆုံးရှုံး

မိုးကုတ်မြို့ရှိ  ရှောလီဝိုင်းရပ်ကွက်အတွင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ နေ့လယ် (၁)နာရီ (၄၅)မိနစ်ဝန်းကျင်က စတင်လောင်ကျွမ်းသည့်မီးလောင်မှုမှာ တစ်နာရီဝန်းကျင်ကြာ ငြှိမ်းသတ်ခဲ့ရပြီး နေအိမ် (၁၂) လုံး မီးလောင်ဆုံးရှုံးသွားပြီး အိမ်ထောင်စု(၁၄)စု  အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း သိရသည်။

"မီးလောင်မှု စတင်ဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘူး။ အခုမှ သက်ဆိုင်တဲ့အရာရှိတွေ စစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ နေအိမ်က စုစုပေါင်း (၁၂) လုံး မီးထဲပါသွားတယ်။ တစ်ခြားအိမ်တွေကို မီးထပ် မကူးအောင်လို့ မီးကူးစက်သွားနိုင်တဲ့ လမ်းကြောင်းက နေအိမ်တစ်လုံးကို နည်းနည်းဖျက်လိုက်ရတယ်။ ဒီနှစ်ထဲမှာတော့ ပထမဦးဆုံးဖြစ်ပွားတဲ့ မီးလောင်မှုဖြစ်ပါတယ်" ဟု မိုးကုတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ကိုကျော်မင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းကို နေ့လယ် (၁) နာရီ (၄၀)မိနစ်ဝန်းကျင်က မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့က သတင်းရရှိခဲ့ပြီး စုစုပေါင်း မီးသတ်ယာဉ် (၈) စီး၊ စည်ပင်သာယာရေးဌာနမှ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်လူထုတို့ ပူးပေါင်းငြှိမ်းသတ်ရာ မွန်းလွဲ (၂) နာရီ (၁၀) မိနစ် ဝန်းကျင်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် (၂) နာရီခွဲဝန်းကျင်တွင် မီးလုံးဝငြိမ်းသွားခဲ့ခြင်းဖြစ်သည်။

မီးစတင်လောင်ကျွမ်းသည့် မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းရပ်ကွက်၊  ပိတ်စွယ်နယ်မြေ(၂)ရှိ နေအိမ်မှ အိမ်ရှင် ဦးဝင်းရွှေကို သက်ဆိုင်ရာက အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

လတ်တလောတွင် မီးဘေးသင့် ပြည်သူများအား ပိတ်စွယ်လီဆူကျောင်း၌ ယာယီနေရာချထားပေးကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကိုကျော်မင်းလှိုင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~