မရမ်းကုန်း သမိုင်းလမ်းဆုံ City Mart ရှေ့ရှိ အာဏာသိမ်းတပ်၏ ဘန်ကာ ဗုံးခွဲခံရ၍ (၂)ဦးသေ

မရမ်းကုန်း သမိုင်းလမ်းဆုံ City Mart ရှေ့ရှိ အာဏာသိမ်းတပ်၏ ဘန်ကာ ဗုံးခွဲခံရ၍ (၂)ဦးသေ
ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ

ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမီးပွိုင့် City Mart ရှေ့ရှိ အာဏာသိမ်းစစ်တပ် ဘန်ကာကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နေ့လယ်ပိုင်းတွင် ဖေါက်ခွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးနှင့် ယာဉ်ထိန်းရဲတစ်ဦး သေသည်ဟု ဗမာ့လူငယ်ကွန်ရက်က သတင်းထုတ်ပြန်သည်။

မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ စစ်သားတစ်ဦးနှင့် ယာဉ်ထိန်းရဲတစ်ဦး ပွဲခြင်းပြီးသေကာ စစ်သား (၃)ဦးမှာလည်း ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြတ်ထွက်သွားသည်ကို တွေ့ရသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗမာ့လူငယ်ကွန်ရက် နှင့် Myanmar Defence Force (MDF)တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင်  ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နေ့လယ်ပိုင်းကလည်း ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ KBZ ဘဏ်အား ဗမာ့ဇာမဏီအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဘဏ်ရှိ ATM စက်နှင့် ဘဏ်မှအသုံးပြုသောကားတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြည်သူ့ဆန္ဒဆန့်ကျင်၍ အာဏာသိမ်းပြီး ပြည်သူကို အကြမ်းဖက် ဖိနှိပ်မှုများကြောင့် စစ်အာဏာရှင်ကို တော်လှန်နေသည့် အင်အားစုများက စစ်အာဏာရှင်၏ တပ်ဖွဲ့များနှင့် ၎င်းတို့အားအထောက်အပံ့ပေးနေသူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ လုပ်နေကြသည်ကို တွေ့ရသည်။