တာချီလိတ်မြို့တွင်းလမ်းများတွင် စည်းကမ်းမဲ့ ယာဉ်နှစ်ထပ် ရပ်နားမှုများကို အရေးယူနေရဆဲ

တာချီလိတ်မြို့တွင်းလမ်းများတွင် စည်းကမ်းမဲ့ ယာဉ်နှစ်ထပ် ရပ်နားမှုများကို အရေးယူနေရဆဲ
ဇန်နဝါရီ 25, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်းလမ်းများတွင် လမ်းမတစ်လျှောက် မော်တော်ယာဉ်နှစ်ထပ်ရပ်ထားခြင်းများအား ပညာပေးကာလကျော်လွန်၍ ဖမ်းဆီးအရေးယူနေသော်လည်း လိုက်နာမှုအားနည်းနေဆဲဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ထံမှ သိရသည်။



ကျွန်တော်တွေ့ရသလောက် ဒီမှာက အများစုက ဈေးဝယ်မယ်ဆိုရင် ဆိုင်ဘေးတင်ကားရပ်ပြီး ဝယ်လိုက်ချင်တယ်။ ကားဒီနားရပ်လို့ရမလား၊ လမ်းပိတ်သွားမလား၊ တခြားသူတွေ ကားဆိုင်ကယ်တွေ လွတ်ရဲ့လား စသဖြင့် ဒီလိုစဉ်းစားလုပ်ဆောင်တာမျိုး မတွေ့ရဘူး။ မြို့ပေါ်ကလူတွေပါသလို နယ်တွေက လာတဲ့သူတွေလည်း ရှိတယ်။ ယာဉ်ကြောရှင်းဖို့ လမ်းတွေချဲ့ထားပေမဲ့ မြို့ရဲ့အနေအထားက ဆိုင်တွေက ပလက်ဖောင်းအထိ ရောင်းတယ်။ ဝယ်တဲ့သူတွေကလည်း ဆိုင်ရှေ့တင် ကားရပ်ပြီး ဝယ်ကြတယ်ဆိုတော့ ယာဉ်ကြောပိတ်တာ၊ မလိုအပ်ဘဲ ယာဉ်အန္တရာယ်ဖြစ်တာတွေ ဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်တို့ ပညာပေးလုပ်တယ်။ မလိုက်နာဘူး။ ဖမ်းဆီးအရေးယူတယ်။ ထပ်ခါထပ်ခါ ကျူးလွန်တာမျိုးဆိုရင်တော့ ဥပဒေအရ ပိုပြီးပြင်းပြင်းထန်ထန် အရေးယူတာမျိုး လုပ်ဆောင်တာမျိုး ဖြစ်လာမယ်

ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (တာချီလိတ်) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 



တာချီလိတ်မြို့တွင် တစ်ခုတည်းသော အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်တွင် ယာဉ်နှစ်ထပ်ရပ်နားမှုများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပညာပေးမော်တော်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးခြင်းကို လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၂၁ ဇန်နဝါရီလမှစ၍ ဖမ်းဆီးအရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အရေးယူမှုတွေလုပ်ဖို့ စခဲ့တယ်။ COVID ပိုးတွေ့သွားတဲ့အတွက် ခဏနားခဲ့တယ်။ လူစုလူဝေးနဲ့ ဖမ်းဆီးမှုတွေလုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် နားခဲ့တယ်။ ဒီဇန်နဝါရီလ (၇) ရက်နေ့ကစပြီး ယာဉ်နှစ်ထပ်ရပ်တာတို့၊ မြေသယ်ယာဉ်တွေ၊ ကျောက်သယ်ယာဉ်တွေ အကာအရံမပါတာတွေကို ဖမ်းနေတယ်

ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (တာချီလိတ်) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇေယျက ပြောသည်။ 

တာချီလိတ်မြို့တွင်းလမ်းများတွင် ယာဉ်နှစ်ထပ်ရပ်၍ ဖမ်းဆီးအရေးယူထားရမှုမှာ ဇန်နဝါရီလ (၂၅)ရက်နေ့အထိ အမှု (၈) မှုရှိနေပြီဖြစ်ပြီး ဆက်လက်စွဲတင်ရမည့်အမှုများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။



အများပြည်သူဆိုင်ရာလမ်းတွင် ယာဉ်နှစ်ထပ်ရပ်နားခြင်းများကို ၁၉၈၉ မော်တော်ယာဉ်ဥပဒေ၊ ၂၀၂၀ ခုနှစ်တွင် ပြဌာန်းထားသည့် နည်းဥပဒေ (၉၆) အရ တရားစွဲဆိုနေပြီး ထောင်ဒဏ် (၁) လအထိ ချမှတ်နိုင်ကြောင်း သိရသည်။ 

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။