မိုင်းယုမြို့တွင် ထပ်တိုးလာသည့် ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား  ကိုဗစ်ကာလအတွက် ထောက်ပံ့ကြေးပေး

မိုင်းယုမြို့တွင် ထပ်တိုးလာသည့် ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား  ကိုဗစ်ကာလအတွက် ထောက်ပံ့ကြေးပေး
ဇန်နဝါရီ 24, 2021 | Covid-19
By ကိုကိုနိုင်

မိုင်းယုမြို့၌ ထပ်တိုးလာသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား  ကိုဗစ်ထောက်ပံ့ကြေးပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဒေသ မိုင်းယုမြို့တွင် ယခင်စာရင်း ကောက်ယူစဉ်က အကြောင်းအမျိုးမျိုးဖြင့် ကျန်ခဲ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများမှ ထပ်တိုး အိမ်ထောင်စုများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် နိုင်ငံတော်မှ ပံ့ပိုးသည့် ကိုဗစ်ထောက်ပံ့ကြေး ပေးအပ်သည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် နိုင်ငံတော်က ပေးအပ်သည့် ထောက်ပံ့ကြေးများကို မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး ဦးဆောင်ကာ မြို့စည်ပင်သာယာရေးကော်မတီ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူးများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပုံမှန်ဝင်ငွေမရှိသည့်အိမ်ထောင်စုများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မိသားစုကုန်ကျစရိတ် သက်သာစေရန် ပံ့ပိုးပေးသည့် ထောက်ပံ့ငွေများကို မိုင်းယုမြို့ မြို့မရပ်ကွက်အုပ်စုမှ အိမ်ထောင်စု (၂၄) စု၊  ဒွန်းနွဲ့အုပ်စုမှ အိမ်ထောင်စု(၁၉)စု၊ မိုင်းလွေအုပ်စုမှ အိမ်ထောင်စု(၇)စုနှင့် တာကြန့်အုပ်စုမှ အိမ်ထောင်စု(၇)စု စုစုပေါင်းအိမ်ထောင်စု(၅၇)စုတို့အား ထောက်ပံ့ကြေးစတင်ပေးအပ်စဉ်ကတည်းက ပေးအပ်နေခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ထပ်တိုးအဖြစ် မြို့မရပ်ကွက်မှ အိမ်ထောင်စု(၃)စု၊ ဒေါင်နေရပ်ကွက်မှ အိမ်ထောင်စု(၁၀)စု၊ တာကြန့်အုပ်စုရှိ ဝမ်မိုင်မိုင်းလုံကျေးရွာမှ အိမ်ထောင်စု(၅)စုနှင့် ဝမ်ကျိုင်းကျေးရွာမှ အိမ်ထောင်စု(၄)စု စုစုပေါင်း အိမ်ထောင်စု(၇၉)စုကို ထပ်တိုးပေးအပ်သည်။



Tachileik News Agency

သတင်း - ကိုကိုနိုင်