တာချီလိတ်မြို့တွင် ဓားထောက်ပြီး ဆိုင်ကယ်လုယက်သူများ အပါအဝင်  ပေါင်နှံပေးသူနှင့် ခိုးရာပါပစ္စည်း လက်ခံသူတို့ကို (၂) နာရီအတွင်း ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ဓားထောက်ပြီး ဆိုင်ကယ်လုယက်သူများ အပါအဝင်  ပေါင်နှံပေးသူနှင့် ခိုးရာပါပစ္စည်း လက်ခံသူတို့ကို (၂) နာရီအတွင်း ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ဓားထောက်ပြီး ဆိုင်ကယ်လုယက်သူများ အပါအဝင်  ပေါင်နှံပေးသူနှင့် ခိုးရာပါပစ္စည်း လက်ခံသူတို့ကို (၂) နာရီအတွင်း ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရီဂျီနားဟိုတယ်ဆိုင်းဘုတ်အနီးရှိ တောင်ထိပ်လမ်းကြားတွင်  ဓားထောက်၍ ဆိုင်ကယ်လုခံရမှုကို ရဲတပ်ဖွဲ့က (၂) နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီးနောက် လုယက်သူ (၂)ဦး အပါအဝင် ခိုးရာပါ ပစ္စည်းပေါင်နှံပေးသူနှင့် ခိုးရာပါပစ္စည်းလက်ခံသူတို့ကိုပါ အမှုဖွင့်ထားကြောင်း သိရသည်။

ပြန်လည်သိမ်းဆည်းရမိသည့် သက်သေခံ ဆိုင်ကယ်

အခင်းဖြစ်ပွားပြီး (၂) နာရီအတွင်းမှာ ဆိုင်ကယ်သိမ်းနိုင်ပါတယ်။ တရားခံကိုလည်း ချက်ချင်း ဖမ်းဆီးနိုင်ပါတယ်။ ဒါက နယ်ထိန်းတွေရဲ့ကြိုးစားအားထုတ်မှုကြောင့် ဖမ်းဆီးနိုင်တာဖြစ်ပါတယ်

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရီဂျီနားဟိုတယ်ဆိုင်းဘုတ်အနီးရှိ တောင်ထိပ်လမ်းကြားတွင် ဇန်နဝါရီလ (၂၀) ရက်နေ့ ည (၉)နာရီခွဲအချိန်က လူငယ်များဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဆိုင်ကယ်ရပ်၍ စကားပြောနေစဉ် အမည်မသိ လူငယ် (၂) ဦးရောက်လာကာ ဓါးထောက်၍ လက်သီးဖြင့်ထိုးကာ ဆိုင်ကယ်၊ ဖုန်း (၃)လုံး၊ ဖုန်းကဒ်နှင့် ဘတ်ငွေ (၂)ထောင်တို့အား လုယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုယူခံရမှုကို ရဲတပ်ဖွဲ့ထံအကြောင်းကြားပြီးနောက် (၂)နာရီအတွင်း ခိုးယူသွားသည့် ဆိုင်ကယ်အား လက်ခံထားသည့် မယ်ခေါင်ရပ်ကွက်မှ မင်းဇော်ဦး (ခ) ဝတုတ် (ခ) သားဇော်အား ခိုးရာပါဆိုင်ကယ်နှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။  

ကျူးလွန်သူနှင့်ခိုးရာပါပစ္စည်းလက်ခံသူ

ရာဇသတ်ကြီးဥပဒေမှာ ဖော်ပြထားပါတယ်။ ခိုးရာပါပစ္စည်းကို သိလျှက်နဲ့ဝယ်ယူလို့ရှိရင် ပုဒ်မ (၄၁၁) ကနေ (၄၃၃) ထိဖော်ပြထားပါတယ်။ ဒါကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ။ ဆိုင်ကယ်ဝယ်တဲ့သူကိုလည်း အမှုထပ်ဖွင့်ပါမယ်။ ဥပဒေအကြံဉာဏ်တောင်းပြီး အမှုကို အခိုင်အမာတည်တောက်ပြီး အမှုဖွင့်သွားပါမယ်

ဟု တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဆိုင်ကယ်အား ဘတ် (၁၅,၀၀၀) ဖြင့် ပေါင်နှံပေးသည့် သီဟအား တည်းခိုခန်းတစ်ခုတွင် လည်းကောင်း၊  ဆိုင်ကယ်ခိုးယူသည့် ရဲနောင်နှင့် ဝါခေါင် (ခ) ဉာဏ်လင်းထွန်းတို့အားလည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာ

ဆိုင်ကယ်လုယူသည့် ရဲနောင်နှင့် ဝါခေါင်(ခ) ဉာဏ်လင်းထွန်း၊ ခိုးရာပါဆိုင်ကယ်ပေါင်နှံပေးသည့် သီဟတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၇/၂၀၂၁၊ ပုဒ်မ ၃၈၂/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ခိုးရာပါဆိုင်ကယ် လက်ခံသည့် မင်းဇော်ဦး (ခ) ဝတုတ် (ခ) သားဇော်ကိုလည်း ဆက်လက်အမှုဖွင့်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။