တာချီလိတ်မြို့တွင် ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကားမောင်းသည့် တရုတ်နိုင်ငံသားအဖွဲ့ဘက်က သေနတ်ဖြင့် ထုတ်ချိန်ကာ ကြိုက်တဲ့ နေရာတိုင်ဟု ဆို

တာချီလိတ်မြို့တွင် ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကားမောင်းသည့် တရုတ်နိုင်ငံသားအဖွဲ့ဘက်က သေနတ်ဖြင့် ထုတ်ချိန်ကာ ကြိုက်တဲ့ နေရာတိုင်ဟု ဆို
နိုဝင်ဘာ 3, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွားပြီး ကားမောင်းလာသည့် တရုတ်အဖွဲ့က သေနတ်ကို မောင်းတင်ကာ ချိန်ထားပြီး ကြိုက်သည့်နေရာတိုင်ဟု ဆိုကာ ခြိမ်းခြောက် ပြောဆိုသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က တာချီလိတ်မြို့  ဝိန်းကျောက်ရပ်ကွက်အပိုင်း စိန်ပန်းနီနီ စားသောက်ဆိုင်ရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ကားနှင့်ဆိုင်ကယ် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကားမောင်းလာသူများမှာ မြန်မာစကားမတတ်သည့် တရုတ်(၂)ဦး ဖြစ်ပြီး ကားအမျိုးအစားမှာ Crown အမျိုးအစား အဖြူရောင် ကားဖြစ်ကာ ကားသည် အကွေ့ကို အချက်ပြမီး မပြဘဲ ရုတ်တရက် ကွေ့ရာမှ လမ်းအမှန်တိုင်း လူ(၂)ဦး စီးလာသည့် ဆိုင်ကယ်နှင့်တိုက်မိပြီး ဆိုင်ကယ်မှာ ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့တွင်းကနေ ကားမောင်းလာသည့် တရုတ်(၂)ဦးသည် မြန်မာစကားမတတ်၍ ၎င်းတို့၏ နောက်ထပ် လူတစ်ဦးကို ဖုန်းဆက်၍ လှမ်းခေါ်ရာ မကြာမီတွင် 4x4 ဟု ခန့်မှန်းရသည့် အပြာရောင်ကားတစ်စီးဖြင့် မြန်မာစကားတတ်သည့် လူတစ်ဦးသည် သေနတ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။

"ကားနဲ့ လာတဲ့လူက သေနတ်ယူလာတာ။ ကြည့်ရတာ ရှမ်းတရုတ် လိုပဲ။ ကျွန်တော်တို့ ယာဉ်ထိန်းရဲ ခေါ်မယ်ဆိုတော့ နောက်မှ ရောက်လာတဲ့ လူက  သေနတ်ထုတ် လာတယ်။ ကျည်အိမ်က သေနတ်ထဲက ထွက်ကျလာတော့ ကျည်အိမ် ပြန်ထည့်ပြီး မောင်းတင်ပြီးတော့ ချိန်တယ်။ ချိန်ပြီး ကြိုက်တဲ့နေရာတိုင်ဆိုပြီး  ပြောတယ်။ လူကတော့ ဘာမှ မဖြစ်ဘူး။ ဆိုင်ကယ်ပဲ ပျက်သွားတာ"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မျက်မြင်သက်သေ တစ်ဦးက   Tachileik News Agency သို့ ပြန်လည် ပြောပြသည်။

"ကားက သူတို့ပဲ မှားလည်း မှားသေးတယ်။ သေနတ်ထုတ်ပြီး ခြိမ်းခြောက်တယ်။ တာချီလိတ်မြို့က ပျက်စီးနေပြီလားဗျာ။ တာချီလိတ်မှာ တရုတ်တွေ အုပ်စိုးတော့မှာလား။ ကိုယ့်လူမျိုးထိရင်တော့ မခံချင်ဘူး"ဟု ၎င်းက ဆိုသည်။

တာချီလိတ်မြို့တွင် တရားမဝင် နိုင်ငံခြားသားများအနက် အထောက်အထားမဲ့ တရုတ်နိုင်ငံသား  များစွာရှိနေပြီး ဥပဒေမဲ့ ပြုမှုများ ရှိနေသော်လည်း ၎င်းတို့ကို စစ်တိုင်းမှူးနှင့်စစ်ဗျူဟာမှူးတို့နှင့် နီးစပ်သည့် အမည်ခံ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများက အကာအကွယ်ပေးထားကြသည့်အတွက် တခါတရံတွင် ဖမ်းဆီးရရှိမှုများရှိပါက လဝက မှ လဝက အက်ဖြင့် အမှုဖွင့်ရန် ပြင်ဆင်သည့်အခါတိုင်း ပြန်လွှတ်ပေးလိုက်ရသည်က များသည်ဟု အမည်မဖော်လိုသည့် လဝက ဝန်ထမ်းတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင် အထောက်အထားမဲ့ နိုင်ငံသားများအနက် တရုတ်နှင့်ထိုင်း နိုင်ငံသားတို့မှာ အကျိုးစီးပွားအတွက် သေနတ်များ ကိုင်ဆောင်လေ့ရှိပြီး ယင်းသို့ သေနတ်များ ကိုင်ဆောင်နေသည်ကို တာချီလိတ်တပ်နယ်က သိရှိထားသော်လည်း တားမြစ်ရဲခြင်းမရှိဘဲ လွှတ်ပေးထားရကြောင်း နှင့် ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးရဲခြင်း မရှိခြင်းမှာ ၎င်းတို့သည် အပေးအယူ မကင်းကြ၍ မသိသလို နေကြသည်သာ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။