Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် နေအိမ်ပြင်ပ ထွက်ခွင့် တစ်ခါသုံး လက်မှတ်များ ထုတ်ပေးမှုမှာ စနစ်မကျ၍ အဆင်မပြေ ဖြစ်နေဆဲ

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် နေအိမ်ပြင်ပ ထွက်ခွင့် တစ်ခါသုံး လက်မှတ်များ ထုတ်ပေးမှုမှာ စနစ်မကျ၍ အဆင်မပြေ ဖြစ်နေဆဲ
ဇူလိုင် 15, 2021 | Covid-19| ရှမ်းရှေ့

Stay at Home အဖြစ် သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် နေအိမ်ထွက်ခွင့် တစ်ခါသုံး လက်မှတ်များ ထုတ်ပေးနေမှုများမှာ ဇူလိုင်လ(၁၅)ရက်နေ့အထိ အဆင်မပြေမှုများရှိနေသလို အရေးပေါ်နေအိမ်ပြင်ပသို့ အကြောင်းကိစ္စရပ်များအတွက် ထွက်ရန် လက်မှတ်သွားရောက် ထုတ်ယူရန်မှာ လူစုလူဝေးဖြစ်ပေါ်ခြင်း၊ ရပ်ကွက်ရုံး ပိတ်ထားခြင်း၊ စစ်ဆေးရေးဂိတ်တွင် ထုတ်ယူ၍ မရသည့် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဒီနေ့ ဟောင်လိတ်ဘက် အရေးပေါ်ကိစ္စရှိလို့ သွားဖို့ကို လမ်းပေါ်က ဂိတ်တွေက ပေးမဖြတ်ဘူး။ ကတ်ပါမှတဲ့ ကတ်ပါမှဆိုတော့။ ရပ်ကွက်ရုံးကလည်း ပိတ်ထားတယ်။ ဂိတ်တဲမှာကလည်း မရတော့ဘူးလို့ ပြောတယ်။ ဒီလိုမျိုး စနစ်မကျတာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ တခါသုံး လက်မှတ်တွေက တခါသွား တခါထုတ်နဲ့ ထုတ်ပေးသူရော ထုတ်ယူသူအကြား အလုပ်ရှုပ်စေတယ်။ ထိတွေ့မှုလည်း များစေတယ်။ နေအိမ်တိုင်းက အပြင်ထွက်ရသူတွေပဲ။ အဲ့တော့ တစ်အိမ်ကို (၂)ကတ်ပေးထားပြီး စနစ်တကျ လုပ်ရင် အားလုံးလည်း ကောင်းကောင်းမွန်မွန်လိုက်နာကြမှာပါ။။ အခုက တခါသုံး စာရွက်လေးတွေနဲ့ လုပ်ပေးထားတာက အထက်လူကြီးတွေက ရက်ကွက်ရုံးက လူတွေကိုပါ ကိုဗစ်ကူးအောင် လုပ်နေသလို ဖြစ်နေတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း ပြည်သူတွေ အဆင်ပြေတဲ့နည်းကို မစဉ်းစားတော့ဘဲ ရပ်ကွက်ရုံးကို ပဲ တာဝန်ယူခိုင်းနေတယ်ထင်တယ်

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၅)ရက်နေ့တွင် ပြောသည်။

လက်မှတ်များ ထုတ်ယူမှုနှင့်အတူ ကန့်သတ်မှုများအကြား အခက်အခဲများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကလည်း ယခုလို အကြံပြုသည်။

အခုလို ဖြတ်ပိုင်းတွေနဲ့ စစ်တာတော့ ရောဂါတွေ အရမ်းထူပြောတော့ လက်ခံပါတယ်။ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာအညီနဲ့တော့ သူတို့ကို လုပ်ဆောင်စေချင်တယ် လမ်းကြားတွေ ပိတ်တာ။ ဆေးဖျန်း လက်ဆေးရေပေးတာတို့ပေါ့။ သူတို့ကိုယ်တိုင်လည်း အကာအကွယ်အပြည့်နဲ့ ဖြစ်စေချင်တယ်။ မဟုတ်ရင် တန်းစီရင်းနဲ့ ကူးကုန်မယ်။ ဘယ်သူကဖြစ်မှန်း မဖြစ်မှန်း မသိနိုင်ဘူး။ စုပြုံနေတာ အဲ့လိုမျိုးကို (၂)ပတ်လောက်ဖြစ်ဖြစ် သေချာကြပ်မတ်ရင် အချိန်တိုတွင်းနဲ့ ထိန်းချုပ်နိုင်မှာ။ မဟုတ်ရင် တစ်နေ့လုပ်မှ တစ်နေ့စား အိမ်ခန်းခ၊  ရေခ၊ မီတာခ အမျိုးမျိုးနဲ့ ဒုက္ခ ရောက်သူတွေ အများကြီးလေနော်။ ဘဏ်လည်းကိုယ်ရှိနေတဲ့ငွေတောင် မထုတ်ပေးဘူး။ တစ်လမှ ၂,၃သိန်းလောက်ပဲဆို အလုပ်လည်း မလုပ်ရ။ ဘယ်လိုလုပ်ကြမလဲ။ တချို့ဘဝတွေသနားလို့ပါ။ အခုလိုသူတို့စနစ်တကျ မလုပ်ဘဲ ဖြစ်သလို ကန့်သတ်ရုံဆို ဘာမှမထိရောက်ဘူး။ ဆေးရုံလည်းလူတွေမသွားစစ်ဘဲ မသိနိုင် ဖြစ်သွားမှာ

ဟု ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက အကြံပြုထောက်ပြသည်။

စစ်ဆေးရေးဂိတ်များတွင် အဆင်မပြေမှုများနှင့် ပတ်သက်၍လည်း လက်တွေ့ကြုံခဲ့ရသူတစ်ဦးက ယခုလို ပြောပြသည်။

ကိုဗစ် စစ်တဲ့ ဂိတ်တွေမှာ လက်မှတ်မပါတဲ့သူက စကားကို ချိုချိုသာသာ ပြန်မပြောလို့ ပြည်သူ့စစ်က သေနတ်ကိုင်ကြီး  မင်းဘာပြောလိုက်တာလဲလို့မေးခံရတယ်တာရှိတယ်။ ဂိတ်တွေကို ကျွေးမဲ့ မွေးမဲ့လူမရှိဘူးထင်တယ်။ သူတို့ ထမင်းပြန်စားချိန်ဆို စစ်မဲ့သူမရှိတော့ဘူး။

ဟု ကြုံတွေ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဆက်သွယ်ပြောကြားလာသည်။

တာချီလိတ်မြို့ရှိ ဈေးများကို ယာယီပိတ်ထားလိုက်သော်လည်း နေ့စဉ် စားသုံးကုန်ဖြစ်သည် အသီးအရွက် နှင့် သား/ငါးများကို နေ့စဉ် နံနက်(၁၁)နာရီအချိန်အထိ ရောင်းချပေးနေရာတွင် ဈေးဝယ်သူများနှင့် ပတ်သက်၍ ထိတွေ့မှုများကို သက်ဆိုင်ရာက စစ်ဆေးပေးနိုင်ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဈေးတွေမှာတော့ စည်ပင်က  ဈေးသည်တွေ ကတ်ပြား ပါ မပါ စစ်တာတော့တွေ့တယ်။ တကယ်ဆို စည်ပင်ကလည်း ဈေးတွေမှာ အနီးဆုံး မယ်ဆိုင်ဘက်ကလို ဈေးဝင်ပေါက်နဲ့ ထွက်ပေါက်မှာ ကိုယ်အပူချိန်တိုင်းတာတွေ လက်ဆေးရည်ထားပေးတာတွေ။ ကတ်ပြားပါမှ ဈေးထဲဝင်ရမယ်ဆိုတာတွေကို စနစ်တကျ လုပ်တာမရှိဘူး။ စနစ်မကျဘဲ ဖြစ်သလို ဟန်ပြလုပ်နေတာတွေ့ရတယ်။ မယ်ဆိုင်ဘက်က စည်ပင်တွေ သူတို့ဈေးမှာ ဘယ်လို စနစ်တကျ လုပ်လည်းဆိုတာကို သွားလေ့လာသင့်တယ်လို့လည်း အကြံပြုချင်တယ်ဗျာ

ဟု ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

 

ဂိတ်ဖြတ်ကျော်သွားလာခွင့် လက်မှတ်များထုတ်ယူမှုနှင့် ပတ်သက်၍ အလုပ် ကိစ္စအတွက် သွားရောက်သည့် လူငယ်များနှင့် လခစား အလုပ် လုပ်ကိုင်သည့် လူငယ်များမှာ သွားလာခွင့် လက်မှတ်များ ရယူရန်မှာ အခက်အခဲများနှင့် ကြုံတွေ့နေရသည့်အတွက် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် စနစ်တကျစီစဉ်ပေးရန်လိုအပ်ကြောင်းလည်း ဆိုကြသည်။

တာချီလိတ်မြို့အား Stay at Home အဖြစ် သတ်မှတ်လိုက်သည့် ဒုတိယနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်ရှိ ရပ်ကွက်အစပ်များတွင် တစ်ရပ်ကွက် ဂိတ်တစ်ခုအဖြစ် ထားရှိကာ စောင့်ကြပ်နေကြပြီးနောက် ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်အချို့၏ အဓိက ဖြတ်လမ်းများတွင်ပါ လမ်းပိတ်ထားမှုများပါ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းအား ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်လာရာ  ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့ ညနေပိုင်အချိန်အထိ Covid-19 ကူးစက်ခံရသူ (၄၆၀)ကျော်အထိ ရှိနေပြီဖြစ်သော်လည်း ပြင်းထန်ဝေဒနာရှင်များ မတွေ့ရသေးကြောင်း သိရသည်။