တာချီလိတ် နှင့် တာလေအကြား တရုတ်နိုင်ငံသားများ တရားမဝင်သတ္တူတူးဖော်နေသည်ဟုဆိုသည့် နေရာကို ဝင်ရောက်ဖမ်းဆီး တရုတ်နိုင်ငံသူ တစ်ဦး အပါအဝင် မြန်မာလုပ်သား (၂၂)ဦး ဖမ်းမိ

တာချီလိတ် နှင့် တာလေအကြား တရုတ်နိုင်ငံသားများ တရားမဝင်သတ္တူတူးဖော်နေသည်ဟုဆိုသည့် နေရာကို ဝင်ရောက်ဖမ်းဆီး တရုတ်နိုင်ငံသူ တစ်ဦး အပါအဝင် မြန်မာလုပ်သား (၂၂)ဦး ဖမ်းမိ

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ နှင့် တာလေအကြားတွင် တရုတ်နိုင်ငံသားများ တရားမဝင်  သတ္တူတူးဖော်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့များ သွားရောက် ဖမ်းဆီးရာမှ တရုတ်နိုင်ငံသူ (၁)ဦး နှင့်အတူ မြန်မာလုပ်သားများ အပါအဝင် စုစုပေါင်း (၂၂)ဦးကို စက်ယန္တရားများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့ နှင့် တာလေအကြား တာလေမြို့ထဲနှင့် (၇)မိုင်ဝန်းကျင် ဝေးကွာသည့် မိုင်းကိုးအနီးတွင် တရားမဝင် သတ္တူတူးဖော်နေကြောင်း တွေ့ရှိရ၍ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က စစ်တပ်နှင့်ရဲတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက် ဖမ်းဆီးရာမှ တရုတ်နိုင်ငံသူ ဝူချွန်း အပါအဝင် ယာဉ်မောင်းနှင့်  အထွေထွေလုပ်သားများ၊ ထမင်းချက် အမျိုးသမီးများအပါအဝင် စုစုပေါင်း (၂၂)ဦးကို ဖမ်းမိကြောင်း သိရသည်။

တရုတ်နိုင်ငံသားများ တရားမဝင်သတ္တူတူးဖော်နေသည့်ဟု ဆိုသည့် နေရာတွင် တရုတ်နိုင်ငံသားများအနက် ဖမ်းဆီးရမိသူများ၏ အမည်များတွင် တရုတ်နိုင်ငံသူ ဝူချွန်းကိုသာ အမည်ထည့်သွင်းထားကြောင်းနှင့် ဖမ်းဆီးရမိသူများတွင် မြန်မာလုပ်သားအများစုဖြစ်ကြပြီး စုစုပေါင်းမှာ အမျိုးသား(၁၉)ဦး နှင့် အမျိုးသမီး(၃)ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာတွင် (၁၀)ဘီး မြေသယ်ယာဉ် (၅)စီး၊ ဘတ်ဟိုးယာဉ်(၂)စီး၊ ကာဗွန်ပြောင်းအိုး အခွန် အလုံး(၂၀)၊ မြေခင်းမိုးကာအထူ (၅)လိတ်၊ ဂါလံ(၄၀)ဆန့်သည့် ဒီဇယ်ပေပါ (၇)လုံး၊ ဘတ်ဟိုးအသွား (၅)ချောင်း၊ လေမှုတ်စက် အသေး(၁)လုံး၊ ချိန်းဆော (၂)လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိပြီး သတ္တူရိုင်းမြေစာများ ပုံထားသည်ကိုလည်း တွေ့ရကြောင်း သိရသည်။

တရားမဝင်သတ္တူတူးဖော်နေကြောင်း စစ်ဆေးပေါ်ပေါက်သည့် နေရာကို မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ ဦးစိုင်းမွန်း ဆိုသူက အမည်ခံပေးထားခြင်း ဖြစ်သည်ဟု ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သူ တစ်ဦးက ဆိုသည်။

"ဒီနေရာမှာ လုပ်နေတာတော့ မကြာသေးဘူးလို့ပြောတာပဲ။ လုပ်ကွက်ကို ဦးစိုင်းမွန်း ဆိုသူက အမည်ခံထားတာလို့ လတ်တလော သိရတယ်။ အခုတော့ တာလေနယ်မြေရဲစခန်းမှာ မြန်မာ့သတ္တုတွင်းဥပဒေ နဲ့ အမှုဖွင့်စီစဉ်နေပါတယ်။"ဟု ဖမ်းဆီးရေးအဖွဲ့တွင်ပါဝင်ပြီး အမည်မဖော်လိုသည့်  တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ လုပ်ငန်းတွင် တရုတ်နိုင်ငံသားများ ပါဝင်နေမှုများနှင့် ပတ်သက်၍လည်း ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု ကြားသိရသည်။

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် သတ္တူတူးဖော်နေမှုများမှာ ယခင်ကတည်းက ရှိနေခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို စစ်တပ် နှင့် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများက သိရှိပြီးဖြစ်သော်လည်း ယခုမှ ဖမ်းဆီးမှုများ လုပ်ဆောင်သည်မှာ တခုခု အပေးအယူမတည့်၍ဖြစ်နိုင်သည်ဟု သတ္တူလုပ်ငန်းတွင် လုပ်ကိုင်နေသူ  အချို့ကလည်း ဆိုသည်။