တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းပေါ် လုပ်ငန်းသုံးယာဉ်ကြီးများ အရှိန်ပြင်းမောင်းနှင်နေ၍ လမ်းပျက်စီးနေပြီး နွေရာသီတွင် ဖုန်ထကာ မိုးရွာသီတွင် လမ်းချိုင့်ခွက်ဖြစ်နေ

တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းပေါ် လုပ်ငန်းသုံးယာဉ်ကြီးများ အရှိန်ပြင်းမောင်းနှင်နေ၍ လမ်းပျက်စီးနေပြီး နွေရာသီတွင် ဖုန်ထကာ မိုးရွာသီတွင် လမ်းချိုင့်ခွက်ဖြစ်နေ
ဇူလိုင် 30, 2020
By Tachileik News Agency
တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းပေါ် လုပ်ငန်းသုံးယာဉ်ကြီးများ အရှိန်ပြင်းမောင်းနှင်နေ၍ လမ်းပျက်စီးနေပြီး နွေရာသီတွင် ဖုန်ထကာ မိုးရွာသီတွင် လမ်းချိုင့်ခွက်ဖြစ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုအတွင်းရှိ လွယ်စီတုံသွား လမ်းမကြီးမှာ ပုံမှန်အတိုင်း သိသိသာသာဖြင့် မိုးရာသီတွင်း ပျက်စီးနေလျှက်ရှိပြီး လုပ်ငန်းသုံးယာဉ်ကြီးများ အရှိန်ပြင်းမောင်းနှင်နေသဖြင့် ကျောင်းသား ကျောင်းသူများ သွားလာရေးအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

မိုးတွင်းဆို ရွှံ့၊ နွေရာသီဆို ဖုန်တွေနဲ့ဆိုတော့ ကျောင်းသားတွေအတွက် အဆင်မပြေဘူး။ ဒီလမ်းကို ကွန်ကရစ်လမ်း ဒါမှမဟုတ် ကတ္တရာလမ်း ဒါမှမဟုတ် ကျောက်ချောလမ်းဖြစ်စေချင်တာပေါ့။ သက်ဆိုင်ရာကို တင်ပြချင်တာက လမ်းကို အမြန်ပြုပြင်ပေးစေချင်တာပေါ့။ ဒီလမ်းကိုဖြတ်နေတဲ့ ကျောက်သယ်ယာဉ်တွေ မြေသယ်ယာဉ်တွေ ဖြစ်နိုင်ရင် ဖြေးဖြေးလေးမောင်းစေချင်တာပေါ့။ ကျောင်းသူ ကျောင်းသားတွေ သွားလာနေတော့ ဖြေးဖြေးလေးမောင်းစေချင်ပါတယ်

ဟု လွယ်စီတုံ(အောက်)ရွာသူကြီး ဦးဆားလန်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ ပုံလို့လမ်းနှင့်တစ်ဆက်တည်းဖြစ်သည့် အဆိုပါလမ်းကို လွယ်စီတုံ(အောက်)ရွာ၊ လွယ်စီတုံ(အပေါ်)ရွာ၊ ဝန်းဝရွာ၊ ပါစလိ၊ မိုင်းဟဲစသည့် ကျေးရွာများမှ ကျေးရွာနေပြည်သူများ၊ ကျောင်းသား ကျောင်းသူများ နေ့စဉ်အသုံးပြုနေသည့် လမ်းဖြစ်သည့်အပြင် မိုင်းဖြတ်မြို့အထိပါ သွားရောက်နိုင်သည့် လမ်းလည်းဖြစ်သည်။

ကလေးငယ်နဲ့ဆိုတော့ လုံးဝနေလို့မရဘူး။ အဝတ်အစားလည်း လှန်းလို့မရဘူး။ ကျောက်သယ်တဲ့ကားတွေ မြေသယ်တဲ့ကားတွေ တစ်အားမောင်းတယ်။ ဖြေးဖြေးမောင်းစေချင်တယ်။ လမ်းကို မြေပဲဖို့တာဆိုတော့ လမ်းက မြင့်မြင့်သွားပြီး အိမ်ကနိမ့်နိမ့်သွားတယ်။ မိုးတွင်းဆို ရွံ့ဗွက်တွေနဲ့ဆိုတော့ ကလေးတွေကျောင်းသွားရင် အခက်အခဲဖြစ်တယ်။ နွေဆိုရင်လည်း ဖုန်တွေနဲ့ နေလို့မရဘူး

ဟု လွယ်စီတုံ(အောက်)ရွာ ကားလမ်းမဘေးတွင် နေထိုင်သူ မဘူးဖူက  ပြောသည်။

လွယ်စီတုံသွား ကားလမ်းမကြီးတွင် ကျေးရွာများအနီး ဖြတ်သန်းသွားလာသည့် မြေသယ်ယာဉ်ကြီးများနှင့် ကျောက်သယ်ယာဉ်ကြီးများ အရှိန်ပြင်းစွာမောင်းနှင်မှု မရှိစေရန်အတွက် Slow Down များထည့်သွင်းထားသော်လည်း မြေဖို့လိုက်သည့်အတွက် ပျက်သွားပြီး အဆိုပါယာဉ်များမှ အရှိန်ပြင်းစွာမောင်းနှင်နေကြောင်း၊ နွေရာသီကာလတွင် လမ်းကိုရေဖြန်းမှုများပြုလုပ်ပြီးမောင်းနှင်ရန် ကုမ္ပဏီများနှင့် ကျေးရွာများမှ ပြည်သူများညှိနှိုင်းခဲ့သော်လည်း ရက်အနည်းသာဆောင်ရွက်ပေးခဲ့ပြီး လက်ရှိတွင် ပုံမှန်အတိုင်းသာ မောင်းနှင်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~