ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် အသစ်ထုတ်ဝေသည့် (၅၀၀) ကျပ်တန်များ မြန်မာ့စီးပွားရေးဘဏ်များတွင် ဇူလိုင်လ(၂၁)ရက်နေ့က စ၍ လဲလှယ်ပေးနေ

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် အသစ်ထုတ်ဝေသည့် (၅၀၀) ကျပ်တန်များ မြန်မာ့စီးပွားရေးဘဏ်များတွင် ဇူလိုင်လ(၂၁)ရက်နေ့က စ၍ လဲလှယ်ပေးနေ
ဇူလိုင် 21, 2020
By Tachileik News Agency
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် အသစ်ထုတ်ဝေသည့် (၅၀၀) ကျပ်တန်များ မြန်မာ့စီးပွားရေးဘဏ်များတွင် ဇူလိုင်လ(၂၁)ရက်နေ့က စ၍  လဲလှယ်ပေးနေ

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့်  အသစ်ရိုက်နှိပ်ထားသည့် (၅၀၀) ကျပ်တန် ငွေစက္ကူသစ်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၀ ခုနှစ်၊  ဇူလိုင်လ (၂၁) ရက်နေ့က၍ စတင်လဲလှယ်ပေးနေကြောင်း သိရသည်။

လာလဲတဲ့သူတွေကိုတော့ အကုန်လဲပေးတယ်ခင်ဗျ။ စပေါ်တဲ့အချိန်မှာ အများကြီးတော့မလုပ်ပေးနိုင်ဘူး။ တစ်ချို့ကလည်း တစ်ထောင်၊ နှစ်ထောင်ဖိုးလဲသွားတယ်။ တစ်ချို့ကလည်း ငါးထောင်ဖိုးလောက်လဲသွားတယ်။ မည်သူမဆိုရစေချင်လို့ အကုန်လုပ်ပေးနေတယ်။ လာလဲတဲ့သူတွေရဲ့အချက်အလက်တော့မယူတော့ဘူး။ တစ်အုပ်လုံး ငါးသောင်းဖိုးတော့ လဲမပေးနိုင်ဘူး။ တစ်ယောက်ဆို ငါးရွက်၊ ဆယ်ရွက် အဲဒီလိုလဲပေးနေတယ်

ဟု တာချီလိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကြေးတာဝန်ခံ ဦးဝင်းလှိုင်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ရိုက်နှိပ်ထုတ်ဝေသည့် ကျပ်(၅၀၀)တန်ငွေစက္ကူများကို ဇူလိုင်လ (၁၉) ရက်နေ့ အာဇာနည်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စတင်ထုတ်ဝေခဲ့သော်လည်း အစားထိုးရုံးပိတ်ရက်များကြောင့် ဇူလိုင် (၂၁) ရက်နေ့တွင် စတင်လဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လိုချင်တာတော့ ဟိုတစ်ခေါက်ကတည်းက မရခဲ့ဘူး။ ဗိုလ်ချုပ်ပုံနဲ့တွေ့ရတော့ ဟိုနေ့ကတည်းက ဝမ်းသာပြီးမျက်ရည်ကျတယ်။ အာဇာနည်နေ့ကတည်းက

ဟု အသက် (၆၀) ကျော်အရွယ် တာချီလိတ်မြို့နေ ဒေါ်သွယ်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် (၁၀၀၀) ကျပ်တန်ငွေစက္ကူများကို ၂၀၂၀ ခုနှစ် ဇန်ဝါရီလ (၄) ရက်နေ့က စတင်ထုတ်ဝေခဲ့ပြီးနောက် ဇန်နဝါရီလ (၇) ရက်နေ့တွင် တာချီလိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လဲလှယ်ခွင့်ပေးခဲ့ပြီး လဲလှယ်လိုသူများ၏ ဖုန်းနံပါတ်များရယူခဲ့သော်လည်း လက်ရှိ (၅၀၀) ကျပ်တန်များကိုမှု လွတ်လပ်စွာလဲလှယ်ခွင့်ပေးနေကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသည့် (၅၀၀)ကျပ်တန် ငွေစက္ကူသစ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန်လ (၁၈)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

လက်ရှိလည်ပတ်သုံးစွဲနေသည့် မြန်မာငွေစက္ကူများကို ခြင်္သေ့ရုပ်ပုံ၊ ဆင်ရုပ်ပုံတို့ဖြင့် ရိုက်နှိပ်ထုတ်ဝေထားရာမှ ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ထားသည့် ကျပ်တစ်ထောင်တန် ငွေစက္ကူပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ လွတ်လပ်ရေးနေ့က စတင်ထုတ်ဝေ လည်ပတ်သုံးစွဲခဲ့ပြီးနောက် ဇူလိုင်လ (၁၉)ရက်နေ့၌ (၅၀၀)ကျပ်တန်အသစ်ကို ထုတ်ဝေလာခြင်းဖြစ်သည်။

ငွေစက္ကူအသစ်ထုတ်ဝေသော်လည်း ငွေစက္ကူအဟောင်းများမှာလည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~