တောင်ကြီးမြို့မှ လေကြောင်းခရီးသွားမည့်သူများ COVID-19 စစ်ဆေးရန် သတ်မှတ်နေရာ (၂) ခုအပြင် နီးစပ်ရာ မြို့နယ်ဆေးရုံ/ကျန်းမာရေးမှူးများကိုလည်း ချိတ်ဆက်နိုင်

တောင်ကြီးမြို့မှ လေကြောင်းခရီးသွားမည့်သူများ COVID-19 စစ်ဆေးရန် သတ်မှတ်နေရာ (၂) ခုအပြင် နီးစပ်ရာ မြို့နယ်ဆေးရုံ/ကျန်းမာရေးမှူးများကိုလည်း ချိတ်ဆက်နိုင်
ဇန်နဝါရီ 14, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့မှ လေကြောင်းလိုင်းများဖြင့် ခရီးသွားမည့်သူများအနေဖြင့် တောင်ကြီး အေးသာယာတိုက်နယ်ဆေးရုံနှင့် ကလောမြို့အထွက်ဂိတ်ရှိ COVID 19 စစ်ဆေးပေးသည့်နေရာ (၂) ခုအပြင် သက်ဆိုင်ရာမြို့နယ်အလိုက် ဆေးရုံ/ကျန်းမာရေးမှူးများထံ ချိတ်ဆက်၍ စစ်ဆေးမှုခံယူနိုင်ကြောင်း သိရသည်။

တောင်ကြီး အေးသာယာမှာ တစ်နေရာရှိတယ်။ ကလောမြို့အထွက်ဂိတ်မှာ တစ်နေရာရှိတယ်။ နောက်တစ်ခုက မြို့နယ်ကျန်းမာရေးမှူးတွေဆီမှာ ချိတ်ဆက်ပြီး စစ်လို့ရတယ်။ လေယာဉ်လက်မှတ်ပြရမယ်။ ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံချက်လည်း လိုပါတယ်

ဟု ရှမ်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့က ပြောကြားထားသည်။ 

လေကြောင်းခရီးစီးနင်းမည့်သူများအနေဖြင့် အေးသာယာတိုက်နယ်ဆေးရုံနှင့် ကလောမြို့အထွက်ဂိတ်များသို့ လာရောက်ရန် အခက်အခဲရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်ရှိ မြို့နယ်ကျန်းမာရေးမှူး၊ ဆေးရုံများထံ ဆက်သွယ်ပါက ကျန်းမာရေးဌာနက COVID 19 စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ဖြစ်ပွားနေဆဲကာလအတွင်း ပြည်တွင်းလေကြောင်းလိုင်းများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁၆) ရက်နေ့မှ စတင်ပျံသန်းခွင့်ပေးထားခြင်းဖြစ်သည့်အတွက် လေယာဉ်ခရီးစဉ်ဖြင့် လာရောက်လိုသူများအနေဖြင့် COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်များပါဝင်မှ စီးနင်းခွင့်ပြုနေခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။