တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၇)သိန်း နီးပါးနှင့် အခြားမူးယစ်ဆေးဝါးများအပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၇)သိန်း နီးပါးနှင့် အခြားမူးယစ်ဆေးဝါးများအပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ဖန်မင် - ဝှေလေလန်ကျေးရွာသွားလမ်းတွင် အမျိုးသားတစ်ဦးအား  မူးယစ်ဆေးဝါး အပါအဝင် လက်နက်နှင့်အတူ ဖမ်းဆီးရမိရာမှ ဝယ်ယူသူ၏ နေအိမ်မှ မူးယစ်ဆေးဝါး အမြောက်အများနှင့် ဆက်စက်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ဖန်မင် - ဝှေလေလန်ကျေးရွာသွားလမ်းတွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ ည(၅)နာရီကျော်က မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေကြစဉ် စိုင်းရွက် ဆိုသူသည် မော်တော်ယာဉ်ဖြင့် အဆိုပါ လမ်းသို့ ရောက်ရှိလာသည်။

ရောက်ရှိလာသည့် စိုင်းရွက် ဆိုသူအား ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာ ယာဉ်အတွင်း ယာဉ်မောင်းဘေးရှိ ထိုင်ခုံအောက်မှ အိုက်စ်(၁)ကီလို နှင့် စီယာတိုင်အောက် အံ့ခွက်အတွင်းမှ ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)အပြင် ၎င်းကျည်(၅)တောင့်တို့ကို တွေ့ရှိ သိမ်းဆည်းကာ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးရာက တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာနေ အိုက်ခေါက် ဆိုသူထံက ဝယ်ယူရရှိခြင်းဖြစ်ကြောင်း သိရသည့်အတွက်  အိုက်ခေါက်၏ နေအိမ်အား ပူးပေါင်းအဖွဲ့မှ သွားရောက် ရှာဖွေရာ အိုက်ခေါက် ဆိုသူကို နေအိမ်ကို မတွေ့ရကြောင်း သိရသည်။

နေအိမ်အတွင်းသို့ ဆက်လက်ရှာဖွေရာက နေအိမ်ရှေ့တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်အတွင်း နှင့် နေအိမ်အနောက် မြေအောက်ခန်းအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၆.၉)သိန်း  အပါအဝင် စိတ်ကြွဆေးမှုန့် (၅၈)ကီလို အပြင် အိုက်စ်(၈၇,၅)ကီလို နှင့် ဘိန်းဖြူ (၂၃.၁)ကီလိုတို့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းအပြင် နေအိမ် အိပ်ခန်းအတွင်းမှ ဖျူစ်မပါတော့သည့် လက်ပစ်ဗုံး (၁)လုံး နှင့် ခဲယမ်းများကိုလည်း ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၇)နှစ်ရှိ စိုင်းရွက်ဆိုသူ နှင့် ဖမ်းဆီးမရမိသေးသည့် အသက်(၃၅)နှစ်အရွယ် အိုက်ခေါက်တို့အား အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။

Ko Zaung is the editor-in-chief of Tachileik News Agency.