တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းကောက်ခံမှု (၅)ရက်တာအတွင်း စာရင်းပြင်ဆင်ဖြည့်သွင်း လျှောက်ထားသူ (၅၈၀၀)ကျော်ရှိ

တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းကောက်ခံမှု (၅)ရက်တာအတွင်း စာရင်းပြင်ဆင်ဖြည့်သွင်း လျှောက်ထားသူ (၅၈၀၀)ကျော်ရှိ
သြဂုတ် 23, 2020
By Tachileik News Agency
တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းကောက်ခံမှု (၅)ရက်တာအတွင်း  စာရင်းပြင်ဆင်ဖြည့်သွင်း လျှောက်ထားသူ (၅၈၀၀)ကျော်ရှိ
၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ မဲဆန္ဒရှင်စာရင်းများ  မကျန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ခံမှု (၅)ရက်တာကာလအတွင်း မဲဆန္ဒရှင်စာရင်း ပြင်ဆင်၊ ဖြည့်စွက်လျှောက်ထားသူ စုစုပေါင်း (၅,၈၇၈)ဦးရှိကြောင်း သိရသည်။
“စာရင်းက တောက်လျှောက် ကောက်သွားမှာပါ။ Target ထားတာတော့ (၉)လပိုင်း (၂၀)ရက်နေ့အထိပေါ့။ အဲဒီနေ့အထိပဲ ကောက်မှာပြောတာ မဟုတ်ဘူး။ အဲဒီနေ့အတွင်း အပြီးကောက်သွားမှာကို ပြောတာ။ အခုစာရင်းသွားကောက်တဲ့အချိန်မှာ တစ်ချို့ အလုပ်သွားနေလို့ အိမ်မှာ မတွေ့တာတို့၊ တစ်ချို့လည်း ညဆိုင်းအလုပ်လုပ်ကြတာမို့ နေ့ခင်းဘက်မှာ စာရင်းကောက်ဖို့ နှိုးလို့မရတာတို့တွေကိုတော့ အိမ်ခန်းငှားတာဝန်ခံတွေကို စာရင်းယူဖို့ တာဝန်ပေးခဲ့တာပေါ့။ မဲဆန္ဒရှင်စာရင်းမှာ မပါသေးဘူးဆိုရင် စာရင်းလာကောက်တဲ့အဖွဲ့နဲ့ မတွေ့ရင်လည်း ရပ်ကွက်ရုံးမှာလည်း စာရင်းပေးလို့ရပါတယ်။ သူတို့စစ်ပေးပါလိမ့်မယ်။  မှတ်ပုံတင်နံပါတ်၊ အဖအမည်၊ အမိအမည်၊ နေရပ်လိပ်စာနဲ့ ပို့ပေးပါ။ ကျွန်တော့်ဆီကို ဆက်သွယ်စာရင်းပေးလည်း ရပါတယ်။"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း စိစစ်ခြင်းအား ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့မှ  သြဂုတ်လ (၂၃) ရက်နေ့အထိ စာရင်းကောက်ထားမှုအတွင်း တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်၊ တာလေနှင့် ကျိုင်းလပ်တို့မှ အိမ်ထောင်စုပေါင်း (၁၀,၇၂၈)မှ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သူ (၂၆၃၄)ဦးကို ပုံစံ (၃)ဖြင့် လည်းကောင်း၊ မိမိရောက်ရှိနေသည့်နေရာတွင်  ရက်ပေါင်း (၉၀)ထက်ပို၍ နေထိုင်သူဖြစ်ပြီး ဆန္ဒမဲပေးလို၍ ပုံစံ (၃ -က)ဖြင့် လျှောက်ထားသူ (၃၄၇)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူပါဝင်နေ၍ ပယ်ဖျက်ရန် ပုံစံ (၄)ဖြင့် လျှောက်ထားသူ (၉၉၈)ဦး၊ ပုံစံ (၄ -က)ဖြင့် လျှောက်ထားသူ (၆၄)ဦးနှင့် ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားသူ (၁၈၃၅)ဦးကို စာရင်းကောက်ခံရရှိခြင်းဖြစ်ကြောင်း သိရသည်။ 
လက်ရှိနေထိုင်သူများစာရင်း ကောက်ခံထားမှုအပေါ် အခြေခံသည့် ရှိကောက်စာရင်းအရ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်ကြေညာပြီးချိန်တွင် မပါဝင်သူများပြားနေသည့်အတွက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းစိစစ်ကောက်ယူရန် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့၌ ကျင်းပသည့် အစည်းအဝေးတွင် ဆုံးဖြတ်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း  သိရသည်။

 Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~