ကျောက်မဲမြို့တွင် ဖမ်းမိသည့် စိတ်ကြွရူးသွပ်ဆေးပြား (၅၀၀၀) ကျော်တွင် တံဆိပ်သစ်ပါဝင်

ကျောက်မဲမြို့တွင် ဖမ်းမိသည့် စိတ်ကြွရူးသွပ်ဆေးပြား (၅၀၀၀) ကျော်တွင် တံဆိပ်သစ်ပါဝင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တံဆိပ်အသစ်ဖြင့်ပေါ်ထွက်လာသော R တံဆိပ် စိတ်ကြွရူးသွပ်ဆေးပြားနှင့် WY တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား (၅,၀၀၀) ကျော်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့က စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်၊ ခွဲ (၁)၊ စု ( ၃) က ဦးဆောင်သည့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ နယ်မြေ (၁)ရှိ စိန်ကျောက်တောင် ဘုန်းကြီးကျောင်းဘက်မှ မြို့ထဲဘက်သို့ အောင်ဆွေမောင်းနှင်လာသော ဆိုင်ကယ်အား အဆိုပါအဖွဲ့က ဇန်နဝါရီလ (၇) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်က တားမြစ်စစ်ဆေးရာတွင် အောင်ဆွေ ဝတ်ဆင်လာသော အကျီအိတ်ကပ်အတွင်းက R တံဆိပ်နှင့် WY တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀) ပြားကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါ စိတ်ကြွဆေးပြားများ ရောင်းချပေးသည့် ရပ်ကွက် (၂)၊ နယ်မြေ (၂) ရှိ အောင်ဇော်ဟိန်းဆိုသူ၏ နေအိမ်သို့ ထပ်မံသွားရောက်ရှာဖွေရာတွင် နေအိမ်အတွင်း မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားပြီး ပီနံအိတ်အတွင်းထည့်ထားသော ဆေးပြား (၃၀၃၉) ပြားကို ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့်ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ အောင်ဆွေနှင့် အောင်ဇော်ဟိန်းတို့အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၂  / ၂၀၂၀၊ မူး/ စိတ် ပုဒ်မ ၁၉ (က)/ ၂၁ နှင့် မယ(ပ) ၃/၂၀၂၁၊ မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၁ တို့ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ 



Tachileik News Agency

သတင်း - နေဖြိုးမြင့်

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...