ကျောက်မဲနှင့်အနီးတဝိုက်တွင် တိုက်ပွဲကြီးများဖြစ်နိုင်ကြောင်း သတင်းထွက်နေ၍ ဒေသခံများ တိမ်းရှောင်နေရ

ကျောက်မဲနှင့်အနီးတဝိုက်တွင် တိုက်ပွဲကြီးများဖြစ်နိုင်ကြောင်း သတင်းထွက်နေ၍ ဒေသခံများ တိမ်းရှောင်နေရ
ဇန်နဝါရီ 18, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နှင့်အနီးတစ်ဝိုက်ရှိ လူနေကျေးရွာများအနီးတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့ တပ်ဖွဲ့များ အင်အားအများအပြား အသီးသီးနေရာယူထားပြီး မကြာမီ တိုက်ပွဲကြီးများ ဖြစ်ပေါ်နိုင်သည်ဟု ကြေညာထားကာ ၎င်းတို့တပ်စွဲထားသောနေရာအနီးရှိ ကျေးရွာများမှ ဒေသခံများကို မြို့ပေါ်သို့ ရှောင်တိမ်းထားခိုင်းသည်ဟု သိရသည်။

ကျောက်မဲ-သီပေါ လမ်းပိုင်းနံဘေးက ပန်ပေါင်းရွာနဲ့အနီးတစ်ဝိုက် တောစပ်တွေမှာက သူတို့တွေ ဘယ်အဖွဲ့ လဲတော့ သေချာမပြောတတ်ဘူး။ နေရာတွေယူထားတယ်။ အဲဒီတောစပ်ဖက်ကို ဒေသခံတွေ မလာကြဖို့ ပြီးတော့ ကျောက်ကျင်း၊ ဗြုံးကျင်းတွေဘက်မှာနေတဲ့သူတွေလည်း အသွားအလာမလုပ်ကြပဲ မြို့ထဲဘက်ပြောင်းပြီး နေဖို့ရာ သူတို့က သတိပေးထားတယ်။ ရွာထဲကအစွန်အဖျားမှာနေတဲ့သူတွေကိုလည်း မြို့ထဲဘက်သွားနေခိုင်းထားတယ်

ဟု ပန်ပေါင်း-ပန်ရောင်း ကျေးရွာအစပ်တွင် နေထိုင်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

၎င်းကျေးရွာများသည် ကျောက်မဲမြို့၏ အရှေ့တောင်ဘက်ရှိ  မြို့ပေါ်လူနေရပ်ကွက်များနှင့် တစ်ဆက်တည်း ဖြစ်သည့် မြို့ဧရိယာနယ်နိမိတ်အတွင်းဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီး ကျောက်မဲ-လားရှိုးလမ်းပိုင်း၏ တောင်ဘက်အခြမ်းတွင် တည်ရှိနေခြင်း ဖြစ်ကာ ထိုနေရာအတွင်းရှိ ကျောက်ကျင်းလုပ်ငန်း၊ ဗြုံးကျင်း လုပ်ငန်းများလည်း ဇန်နဝါရီ ၁၆ ရက်က စတင်၍ ရပ်နားထားရသည်ဟု သိရသည်။

အဆိုပါအရပ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် ကျောက်မဲ-မိုးကုတ်သွား လမ်းပိုင်းတစ်ဝိုက်နှင့် မြို့၏ အနောက် ဘက်နှင့် အနောက်မြောက်ဘက် အရပ်မှကျေးရွာများအနီးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နေရာယူထားကြပြီး ကျောက်မဲမြို့တွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်က မြို့အဝင်၊အထွက်လမ်းကြောင်းများတွင် နေရာယူထားသည်ကို တွေ့ရသည်။

ကျောက်မဲမြို့အဝင်အထွက်များတွင် အာဏာသိမ်းစစ်တပ်က လုံခြုံရေးဂိတ်များဖြင့် နေရာယူထားကာ ညနေ (၆) နာရီဝန်းကျင်မှစ၍ လမ်းသွားလမ်းလာများကို စီးနင်းလာသည့်ယာဉ်ပေါ်မှဆင်းကာ ဒူးထောက်စေပြီး စစ်ဆေးမေးမြန်းခြင်းများကို လုပ်နေကြသည်ဟု သိရသည်။