မိုင်းဖြတ်မြို့နယ်အတွင်း တာချီလိတ်မှ မိုင်းယောင်းသို့ သွားသည့် ယာဉ်တစ်စီး ချောက်ထဲ ထိုးကျမှုကြောင့် (၃)ဦး သေဆုံး

Photo:  မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း
Photo: မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း
မိုင်းဖြတ်မြို့နယ်အတွင်း တာချီလိတ်မှ မိုင်းယောင်းသို့ သွားသည့် ယာဉ်တစ်စီး ချောက်ထဲ ထိုးကျမှုကြောင့် (၃)ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း တာချီလိတ်မှ မိုင်းယောင်းသို့ သွားသည့် ယာဉ်တစ်စီး ချောက်ထဲထိုးကျရာမှ လူ(၃)ဦး သေဆုံးသွားပြီး (၁)ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။



မိုင်းဖြတ်မြို့နယ်အတွင်း နမ့်နန်း(ရှမ်း)ကျေရွာအလွန်တွင်  ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ကနေ မိုင်းယောင်းမြို့သို့ ဘုရားဖူးသွားသည့် Vigo အမျိုးအစား ကားတစ်စီးသည် အရှိန်လွန်ပြီး ပေ(၂၀)ဝန်းကျင်ရှိ ချောက်ထဲသို့ ထိုးကျသွားရာမှာ ယာဉ်ပေါ်ပါ (၆)ဦးအနက် (၃)ဦးသေဆုံးသွားကြောင်း  မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းထံက သိရသည်။

အဆိုပါ ယာဉ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၅)ဦး လိုက်ပါလာရာ အမျိုးသမီး(၃)ဦးမှာ သေဆုံးသွားပြီး (၁)ဦးမှာ စိုးရိမ်ရ၍ လတ်တလောတွင် မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းက သွားရောက် ကူညီကယ်ဆယ်ပြီး အရေးပေါ်လူနာကို ဆေးရုံသို့ ကားကြုံဖြင့် အမြန်ဆုံးပို့ဆောင်ပြီးနောက် ကျန်ဒဏ်ရာရသူများကို သင်္ဂဟလူမူကူညီရေးသင်း (မိုင်းဖြတ်)မှ ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း၌ ယခု ဧပြီလအတွင်း အကြီးစား ယာဉ်တိမ်းမှောက်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ရာတွင် စုစုပေါင်း သေဆုံးသူ (၆)ဦး နှင့် ဒဏ်ရာရရှိသူ (၂၇)ဦးအထိ ရှိသည်။