ကျိုင်းတုံတွင် ရန်ကုန်မှ လေကြောင်းခရီးဖြင့်ရောက်လာသူတစ်ဦး၌ COVID 19 ပိုးတွေ့

ကျိုင်းတုံတွင် ရန်ကုန်မှ လေကြောင်းခရီးဖြင့်ရောက်လာသူတစ်ဦး၌ COVID 19 ပိုးတွေ့
ဒီဇင်ဘာ 24, 2020 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရန်ကုန်မှ လေကြောင်းခရီးဖြင့်ရောက်လာသည့် အမျိုးသမီးဝန်ထမ်း (၁)ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၌ ဓာတ်ခွဲအဖြေရသည်။

အဆိုပါ အမျိုးသမီးသည် တာချီလိတ်သို့ တာဝန်ကျသည့်ဝန်ထမ်းဖြစ်ပြီး ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှ  ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန် - ကျိုင်းတုံ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် ခရီးသည် (၅၄)ဦး လိုက်ပါလာသည့်အနက် stay at home ဒေသများမှ လာရောက်သူများကို quarantine ထားရှိပြီး တောင်ကြီးဓာတ်ခွဲဌာနသို့ ပို့စစ်ထားရာမှ (၁)ဦးတွင် ပိုးတွေ့ကြောင်း ကနဦးအဖြေရထားခြင်းဖြစ်ကာ ကျန်ဓာတ်ခွဲနမူနာများကို ဆက်လက်စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

လေယာဉ်ခရီးစဉ်တစ်ခုထဲတွင် အတူလိုက်ပါလာသော်လည်း quarantine ဝင်ရန်မလိုဟု သတ်မှတ်ထားသည့် stay at home မသတ်မှတ်သည့်ဒေသမှ ခရီးသည် (၈) ဦးလည်းပါဝင်ပြီး အဆိုပါခရီးသည် (၈) ဦးတွင် ကျိုင်းတုံမြို့မှ (၃)ဦး၊ မိုင်းဖြတ်မြို့မှ (၂)ဦးနှင့် တပ်မတော်မှ (၃)ဦးဖြစ်ကြောင်း သိရသည်။

ပိုးတွေ့လူနာ စီးနင်းလာသည့်လေယာဉ်ဖြင့် အတူစီးနင်းလာပြီး quarantine မဝင်ရသူ (၈)ဦးကိုလည်း ကျန်းမာရေးဌာနက ဆက်သွယ်နေပြီဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာ (၁)ဦးထပ်တိုးလာသဖြင့် ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ အတည်ပြုလူနာ (၅)ဦးတွေ့ရှိထားပြီး (၄)ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်သည်။

Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။