ဖမ်းဆီးရရှိထားသည့် စစ်ကောင်စီ သင်တန်းသားများနှင့် တပ်ဖွဲ့ဝင်များအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထား

အရာတော်မြို့တိုက်ပွဲတွင် ဖမ်းဆီးရရှိထားသော စစ်ကောင်စီ၏ သင်တန်းသားအသစ်များနှင့် တပ်ဖွဲ့ဝင်များအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း Generation Z Army (GZမျိုးဆက်တပ်တော်)မှ ၂၀၂၄ခုနှစ် ဧပြီလ ၁၅ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးသည် စစ်သင်တန်းတက်ရောက်မည့် သင်တန်းသားသစ် (၇၀)ဦးခန့်ကို မုံရွာမြို့မှ  မော်တော်ယာဉ် (၄)စီးဖြင့် တင်ဆောင်၍ အရာတော်မြို့နယ်သို့ ထွက်ခွာလာကြောင်းသတင်းရရှိသဖြင့် အရာတော်မြို့နယ် ကမ်းဖြူရွာအနီးတွင် နေရာယူစောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် (၁၀)ဦးအား အသေဖမ်းဆီးရရှိခဲ့ကာ တပ်ဖွဲ့ဝင်နှင့် သင်တန်းသား (၄၃)ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် သင်တန်းသား (၄၃)ယောက်မှ ဒဏ်ရာရရှိထားသည့် (၉)ဦးအား ဆေးကုပေးလျှက်ရှိကာ၊ ကျန် (၃၄) ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

တိုက်ပွဲမှ အူဇီအမျိုးအစား မောင်းပြန်သေနတ် (၁)လက်၊ MA-1အမျိုးအစား မောင်းပြန်သေနတ် (၁)လက်၊ MA-2 အမျိုးအစား မောင်းပြန်သေနတ် (၁)လက်၊ MA-3 အမျိုးအစား မောင်းပြန်သေနတ် (၃)လက်၊ RPG-7ကျည် (၁၀)ဖူး၊ 81ကျည် (၅၀)ဖူး၊ကာဘိုင်ကျည် (၁)သေတ္တာ၊ စာရွက်စာတမ်း (၁)ထုပ်၊ ၄လက်မ နင်းမိုင်း (၁)သေတ္တာ၊ 5.56ကျည် (၅၀၀၀)တောင့်၊ စစ်သုံးဘွတ်ဖိနပ် (၅၀)ရံ၊ စစ်သုံးကျောပိုးအိတ် (၂)သေတ္တာ၊ အီကွေမန့် (၁)ထည်၊ စစ်ကောင်စီ ယူနီဖောင်း (၂)စုံ နှင့် စစ်သုံးဦးထုပ် (၃)လုံးတို့အား Generation Z Army ကျားသစ်နက်တပ်ခွဲနှင့် မဟာမိတ်ပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Video : Generation Z Army