ရက္ခိုင့်တပ်တော် သိမ်းပိုက်သည့် တောင်ပြိုလက်ဝဲ နယ်ခြားစောင့်တပ်စခန်းအတွင်းမှ လက်နက်ခဲယမ်းများကို ARA အဖွဲ့ဝင်များ ဝင်ယူနေသည့်ရုပ်သံ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်စဉ် စခန်းအတွင်းမှ လက်နက်ခဲယမ်းများကို ARA အဖွဲ့ဝင်များက ဝင်ယူနေသည့်ရုပ်သံဖိုင်ကို Tachileik News Agencyက ရရှိထားသည်။

အဆိုပါရုပ်သံဖိုင်များတွင် ARAအဖွဲ့သည် နယ်ခြားစောင့်တပ်စခန်းအား ၎င်းတို့တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ပုံစံဖြင့် ဝါဒဖြန့်ပြောဆိုပြီး အိမ်စီးကားများဖြင့် နယ်ခြားစောင့်တပ်စခန်းအတွင်းသို့ ဝင်ရောက်ကာ လက်နက်ခဲယမ်းများကို အလုအယက် သယ်ထုတ်နေသည်ကို တွေ့ရသည်။

ရက္ခိုင့်တပ်တော်ကထုတ်ပြန်ရာတွင် သိမ်းဆည်းရရှိသည့် ARAစခန်းများအတွင်း တောင်ပြို(လက်ဝဲ/လက်ယာ) ရဲမှူးများမှ တာကာဆယ်သန်းဖြင့် ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် AAသိမ်းပိုက်နေစဉ်စပ်ကြား အဆိုပါ ဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသော လက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက်များ၊ WY မူးယစ်ဆေးဝါး (၆၉)ထုပ်နှင့် ရေခဲ (၂၈)ထုပ်တို့ကိုလည်း ARAစခန်းအတွင်းမှ သိမ်းဆည်းရရှိခဲ့ သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါစခန်းများကျပြီးနောက် ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်တိုက်လိုက်လံရှင်းလင်း၍ စခန်းရှင်းလင်းရေးလုပ်နေစဉ် ARAနှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက တောင်ပြို (လက်ဝဲ/လက်ယာ)စခန်းများအတွင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။ 

အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အလောင်းများ၊ ARAနှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တောင်ပြို (လက်ယာ)စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်ခင်ကတည်းကပင် တောင်ပြို(လက်ဝဲ/လက်ယာ) စခန်းနှစ်ခုလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ARA၊ RSO အဖွဲ့ဝင်များသည် ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှု ရယူထားခဲ့သည်ဟု သိရသည်။

ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ်စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ(Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများကပြောဆိုသည်ဟု AAက ထုတ်ပြန်ထားသည်။

ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့် တည်ဆောက်ထားသော အခိုင်အမာစခန်း တစ်ခုဖြစ်ပြီး အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ)နှင့် ချိတ်ဆက်ထားပြီး တောင်ပြို (လက်ဝဲ)စခန်း နှင့် ARA၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာတစ်ထောင်ကျော်သာဝေးသည်ဟု ဆိုသည်။

ARAအဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB(Border Guard Bangladesh)တပ်စခန်းတစ်ခုလည်း ရှိနေသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ-လက်ယာ) စခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ညနေတွင် တောင်ပြို (လက်ယာ)စခန်းအား သိမ်းပိုက်ခဲ့ကာ တောင်ပြို(လက်ဝဲ) စခန်းကို ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တောင်ပြို(လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ အင်အား (၂၀၀)ကျော်သည် ဘင်္ဂလားဒေ့ရှ်-ရက္ခိုင်နယ်စပ်ရှိ နယ်ခြားမြစ် နတ်မြစ်ကို ကျော်ဖြတ်ပြီး မောင် တောဖက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။

#TachileikNewsAgency