ချောင်းနှစ်ခွရဲစခန်းအတွက် စစ်ကူလာစဉ် တိုက်ခိုက်ခံရပြီး သေဆုံးသူများသဖြင့် စစ်ကူထပ်တောင်းသော်လည်း မပေးခဲ့ဟု အညံ့ခံခဲ့သည့် ဗိုလ်ကြီးကျော်ဇေယျာမြင့်ဆို

‌မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်နှစ်ခွရဲစခန်းကို စစ်ကူလာစဉ် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ကျော်ဇေယျာမြင့်က စစ်ကူတောင်းသော်လည်း မပေးခဲ့ဟု ပြောဆိုသည်။

ဗိုလ်ကြီးကျော်ဇေယျာမြင့်သည် တပ်မ(၂၂) လက်အောက်ခံ ခလရ(၈၁)တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၀) ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ချောင်းနှစ်ခွရဲစခန်းတိုက်ပွဲတွင် အင်အား(၅၀)ကျော်ဖြင့် စစ်ကူလာစဉ် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပြီး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

"သုံ့ပန်းအနေနဲ့ လူနာတွေကော ဘာတွေရောဆို ၂၆ ယောက်ပေါ့။ ထိတဲ့သူတွေများတာကတကြောင်း၊ ကျတဲ့သူတွေကများတာက တကြောင်း နောက်ဆုံး ကျွန်တော်တို့လည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့အခြေအနေပေါ့။ ကျွန်တော်တို့ပြောပါတယ်။ ထိခိုက်တာတွေများနေပြီ စစ်ကူပေးပါဦးဆိုတော့ လာနေပြီလို့ပဲ ပြောပါတယ်။ တကယ်တော့ လက်တွေ့မှာ ရောက်မလာပါဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေ တွေးထားတာက ကျွန်တော်တို့ကို ဖမ်းမိရင် သတ်မယ်၊ ဖြတ်မယ်ပဲ သိထားတာ။ ဒါပေမယ့် အခုလက်ရှိမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်ထားတယ်။ ဆေးကုပေးတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေသိအောင် ပြောပြတာပါ။ ညီလိုအစ်ကိုလိုပဲ နွေးနွေးထွေးထွေးနဲ့ ဆက်ဆံတယ်။ ကျေးဇူးတင်ပါတယ်။ အဖွဲ့တွေအားလုံးကို ကျွန်တော်တို့ကို ဂျနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်းအနေနဲ့ ကောင်းကောင်းမွန်မွန် အေးအေးဆေးဆေး ကျန်းမာရေးဆိုလည်း ကျန်းမာရေးထားပေးလို့ ဒီဖက်ကအဖွဲ့အစည်းအားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။"ဟု ၎င်းကပြော သည်။

ချောင်းနှစ်ခွရဲစခန်းအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်ကြီးကျော်ဇေယျာမြင့်(မိခင်တပ်ရင်းက ခမရ (၃၃၆)ဖယ်ခုံ)အပါ ၃ အပေါင်း ၄၇ တပ်ခွဲတစ်ခွဲ အင်အား(၅၀)ဖြင့် မုဒုံ တောင်ကလေး ရဲစခန်းတွင် ကားများထားကာ ခြေလျင်စစ်ကူလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက်လမ်းတွင် ထပ်မံခေါ်လာခဲ့သည့် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၃)ဦး ပေါင်း (၅၃)ဦးတို့ စစ်ကူလာရာ တော်လှန်ရေးတပ်များက တိုက် ခိုက်ခဲ့သဖြင့် (၂၆)ဦးသေပြီး (၁၅)ဦး ဒဏ်ရာရ၍ အကောင်းအတိုင်းကျန်သည့် တပ်သား (၃)ဦးသာ ရှိတော့သည်ဟု ဆိုသည်။

#TachileikNewsAgency

Video : ပြည်သူ့ပန်းတိုင်-People's Goal