မြိုင်မြို့နယ် သရက်ကွကျေးရွာ ပျူစောထီးစခန်း ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်ရာ ပျူစောထီးများထွက်ပြေး

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွကျေးရွာ၌ တပ်စွဲထားသည့် ပျူစောထီးစခန်းကို ၂၀၂၃ခုနှစ် ဇွန်လ(၁၃)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား(၈)ဦး သေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇွန်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များက ပျူစောထီးစခန်းအား ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများမှာ ရွာအပြင်သို့ ထွက်ပြေးသွားသည်ဟုသိရသည်။

အဆိုပါ တိုက်ပွဲတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သား၏ လက်နက်အား သွားရောက်ကောက်ယူသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့ရကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ထို့နောက် မြိုင်မြို့နယ် စီမံကိန်းရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူပေးခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်(၁)ဦး လက်မောင်းကျည်ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို မြိုင် ပကဖ ရင်း(၁) ခွဲ(၃ ) စိတ်(၂)(၄)၊ ဝံပုလွေအဖွဲ့၊ GOEအဖွဲ့၊ အညာမြေအဖွဲ့၊ ဓါးမင်းကြီးအဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)နှင့် MVP အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ