ခုတ်ထစ် လုယက်မှုတွေ အဆမတန် ဖြစ်ပွားနေတဲ့ တာချီလိတ် 

 ဒုစရိုက်မှုတွေ အတင့်ရဲကြီးထွားလာတဲ့ မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ပုန်းထွန်ရပ်ကွက်အတွင်း ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်တဲ့ ဖြစ်စဉ်တွေ နိုဝင်ဘာလအတွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

ပုန်းထွန်ရပ်ကွက်အတွင်းထဲက (၁)လမ်းမှာ မကြာခဏ ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ် လုယက်တဲ့ ဖြစ်စဉ်တွေထဲမှာတော့   ဓါးနဲ့ခုတ်ခံရသူတွေမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။



အခု ပြသထားတဲ့ CCTV မှတ်တမ်းကတော့ အွန်လိုင်းပေါ်ကနေ ရရှိထားတဲ့ CCTV ဖြစ်ပြီး ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်သလို ဓါးနဲ့ခုတ်ခံရပြီး ဆိုင်ကယ် လုခံရတဲ့ အမျိုးသားဟာ ဦးခေါင်းမှာ ကြီးမားတဲ့ ဓါးဒဏ်ရာရရှိသွားခဲ့ပါတယ်။

အခုလို အကြမ်းဖက်လုယက်တဲ့အဖွဲ့ဟာ လူ(၃)ယောက်ကို ဆိုင်ကယ်တစ်စီးတည်းအတူတူစီးလေ့ရှိကာ သူတို့ပစ်မှတ်ထားတဲ့ ဆိုင်ကယ်အနောက်ကို လိုက်လေ့ရှိပြီး လူပြတ်တဲ့နေရာကို ရောက်ရင် အခုလို လုပ်ဆောင်လေ့ရှိတဲ့အတွက် မိမိဆိုင်ကယ်အနောက်မှာ ဦးထုပ်တွေဆောင်း Mask တွေ တပ်ထားတဲ့ လူတစ်စု လိုက်လာရင် သတိထားကြဖို့ကိုလည်း ဒေသခံတွေက အွန်လိုင်းပေါ်ကနေ သတိပေးနေကြရပါတယ်။

နယ်စပ်ဒေသ တာချီလိတ်မြို့မှာ ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ရဲတို့ဟာ ဧည့်စာရင်းစစ်တာတွေကို ညတိုင်းနေလုပ်ပေမဲ့ တကယ်တမ်း နယ်မြေဒေသအတွင်း အခုလို ခိုးဆိုးလုယက်မှုတွေ လျော့ပါးရေးကိုတော့  အာရုံစိုက် လုပ်ဆောင်ခြင်းမရှိဘဲ စစ်ကောင်စီကို ဆန့်ကျင်သူများကိုတာ ရှာဖွေဖမ်းဆီးမှုများသာ လုပ်ဆောင်နေလေ့ရှိတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။

တာချီလိတ်မြို့မှာ လောင်းကစားလုပ်ငန်းတွေ အဆမတန်ပေါများလာတဲ့အတွက် အခုလို ခိုးဆိုးလုယက်မှုတွေ ပေါများလာတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။