တာချီလိတ်မြို့မှာ မြေဧက(၂၀)အတွင်း မြေကွက်ဖော်ရောင်းချပြီးတော့ ဝယ်ယူသူတွေကို နှစ်ပေါင်းအတော်အကြာ မြေကွက်မပေးနိုင်တဲ့ ဦးဇော်ဇော်ထွန်းကို စစစ က အမှုဖွင့်ပြီး ဖမ်းလိုက်ပြီ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ (၁၀) နှစ် ဝန်းကျင်ကြာတဲ့အထိ မြေကွက်အပ်နှံနိုင်ခြင်းမရှိသေးတဲ့ ပုဂ္ဂလိကမြေကွက်ဖေါ်ရောင်းချသူ ဦးဇော်ဇော်ထွန်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက လိမ်လည်မှုပုဒ်မနဲ့ အမှုဖွင့်လိုက်တဲ့အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အခုထိန်းသိမ်းခံရသူ ဦးဇော်ဇော်ထွန်းဟာ ဦးစိန်မောင်နှင့်အတူ မြေဧက (၂၀)မှာ မြေကွက်ဖေါ်ဆောင်ရောင်းချခဲ့ကြပေမဲ့ မြေကွက်ဝယ်ယူထားသူများဟာ ဒီနေ့အထိ မြေကွက်မရကြသေးသလို တစ်စုံတစ်ရာဖြေရှင်းပေးခြင်းလည်း မရှိဘူးလို့ မြေကွက်ဝယ်ထားသူတွေက အခုလို ပြောပြထားပါတယ်။

ဒီမြေကွက်ရောင်းချမှုဟာ စီမံကိန်းမဟုတ်ဘဲ ပုဂ္ဂလိကအရောင်းအဝယ်ဖြစ်တာကြောင့် မြေကွက်ဝယ်ယူသူများကိုယ်တိုင်သာ ဥပဒေကြောင်းအရ တောင်းခံလို့ရမယ်လို့ သိရပါတယ်။

မြေကွက်ဝယ်ကြသူတွေအနေနဲ့ အဝယ်မမှားကြဖို့ကိုလည်း လက်ဝယ်မြေကွက်ပိုင်ဆိုင်ခွင့်ရရေး မျှော်တလင့်လင့်နဲ့ စောင့်နေရသူတစ်ဦးက အခုလို အကြံပြုထားထားပါတယ်။၊ 

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မြို့ကွက်သစ်အပိုင်း(ဈ)အနီးက မြေဧက (၂၀)ကို အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တုန်းက မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် ရထားတယ်ဆိုတဲ့ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့က မြေကွက်ပေါင်း (၃၀၀) ကျော်နီးပါးကို ရောင်းချထားကြတာဖြစ်ပါတယ်။

Youtube: https://youtu.be/blIlrL-oftc 

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက် 

Ko Zaung is the editor-in-chief of Tachileik News Agency.

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။